မက်အယ်လစ္စတာကို ခေါ်ယူဖို့ လီဗာပူး အရေးသာနေပြီလို့ သတင်းထောက် ရိုမန်နို ဖော်ထုတ်လာ

လီဗာပူး အပြောင်းအရွှေ့ရေးရာ ချန်နယ်တစ်ခုဖြစ်တဲ့ Transfer Room နဲ့ နာမည်ကြီး သတင်းထောက် ရိုမန်နိုတို့ဟာ ဒီအပတ်မှာတော့ အန်ဖီးကလပ်ရဲ့ အပြောင်းအရွှေ့တွေအကြောင်း တွေ့ဆုံ စကားပြောခဲ့ကြပါတယ်။

အဆိုပါ ပြောဆိုမှုအရ လီဗာပူးအသင်းဟာ ဒီနွေမှာ ရီးရဲလ်မက်ဒရစ်ထံ ပြောင်းဖို့ သဘောတူညီမှု ရတော့မယ့် ဘယ်လင်ဟမ်အစား အဓိက ဦးစားပေးအဖြစ် ဘရိုက်တန်မှ မက်အယ်လစ္စတာကို ဦးတည်ခဲ့တယ်လို့ သိရတယ်။ အသက် ၂၄ နှစ်အရွယ် အာဂျင်တီးနားသားဟာ ဒီနွေမှာ ဘရိုက်တန်က ထွက်ခွာမှာဖြစ်ပါတယ်။

ကစားသမားဘဝ ပရီးမီးယားလိဂ်မှာပဲ ကျင်လည်ရင်း တောက်ပတဲ့ ခြေစွမ်းတွေ ပြသနေတဲ့ အယ်လစ္စတာကို လီဗာပူး၊ ယူနိုက်တက်ရဲ့ အင်္ဂလန် အင်အားကြီး ကလပ်တွေက စိတ်ဝင်စားတာပါ။ သူတို့ရဲ့ ကြယ်ပွင့် ကစားသမားကို နောက်ရာသီ ဆက်ထိန်းထားဖို့ မဖြစ်နိုင်သလောက်ဖြစ်ကြောင်း နည်းပြဒီဇာဘီဘက်ကလည်း နားလည်ထားပါတယ်။

ရိုမန်နိုက ” လီဗာပူးအသင်းဟာ မက်အယ်လစ္စတာကို လက်မှတ်ထိုးဖို့ရာ ကစားသမားဘက်ခြမ်းနဲ့ ညိနှိုင်းစကားပြောမှု တိုးတက်တဲ့ အခြေအနေကို ရောက်နေပါပြီ။ ကစားသမားကို သူတို့ရဲ့ ပရော်ဂျက်တွေကို ချပြထားပြီး ဘရိုက်တန်နဲ့ ဘာကိစ္စမှ မရှိဘဲ လက်မှတ်ထိုးမှု လုပ်နိုင်မယ်လို့ပါ ယုံကြည်ချက် ရှိနေပါတယ်။

လီဗာပူးဘက်က မက်အယ်လစ္စတာကို လက်မှတ်ထိုးနိုင်ဖို့ လာမယ့် အပတ်တွေမှာ တွန်းအားပေးတော့မှာ ဖြစ်ပါတယ် ” ဆိုပြီး ပြောဆိုသွားတာ ဖြစ်ပါတယ်။

ဒီနွေမှာ အယ်လစ္စတာကို ခေါ်ယူနိုင်ရေး လီဗာပူးဘက်က ပြောင်းရွှေ့ကြေး ပေါင် သန်း ၆၀-၇၀ သန်းကြား သုံးရမယ်လို့ သိထားရပြီး သူဟာ အဓိက ကွင်းလယ် ခေါ်ယူမှု ၂ ခုထဲက တစ်ခု ဖြစ်လာမှာပါ။ လီဗာပူးဟာ ကွင်းလယ်အတွက် အနည်းဆုံး ၂ ဦးကနေ ၃ ဦးထိ ခေါ်ယူဖို့လည်း စီစဉ်ထားပါတယ်။

ဘရိုက်တန်မှာတော့ အယ်လစ္စတာဟာ ကိုင်ဆီဒိုနဲ့တွဲပြီး ကွင်းလယ်တာဝန်ကို ရယူနေတာဖြစ်ပြီး လီဗာပူးအသင်းမှာ သူ့ကို ဘယ်လို နေရာချမလဲ ဆိုတာက စိတ်ဝင်စားဖွယ် ကောင်းလာပါလိမ့်မယ်။