ဒီကရှေ့ တစ်ပွဲအနည်းဆုံး ၅ ဂိုးလောက်သွင်းမှ စိတ်ချရတော့မယ့် လီဗာပူး

လီဗာပူးအသင်းဟာ ဘန်လေအသင်းနဲ့ ယှဉ်ပြိုင်ကစားတဲ့ ပရီးမီးယားလိဂ်ပွဲမှာ ပွဲအစမှာ သွင်းတဲ့ ဒါဝင် သွင်းဂိုး၊ ပွဲပြီးခါနီး သူ့နေရာ အစားဝင်လာတဲ့ ဂျိုတာရဲ့ သွင်းဂိုးတွေနဲ့အတူ ၂-၀ ရလဒ်ဖြင့် အနိုင်ရခဲ့ပါတယ်။

နည်းပြကလော့ပ်က ဂက်ပို၊ ဒါဝင်၊ ဆာလာတိုက်စစ်ကို တင်ကစားခဲ့ပြီး ကွင်းလယ်မှာ အန်ဒို၊ ဂရာဗင်ဘက်ချ်နဲ့ ဟာဗေးတို့ကို ထုတ်သုံးခဲ့ကာ ခံစစ်မှာ ကွမ်းဆက် ပါဝင်လာပါတယ်။ ဒီနေ့ပွဲ လူစာရင်း ရွေးချယ်နိုင်စရာတွေထဲက အတောင့်တင်းဆုံး လူစာရင်းပဲ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် နောက်ဆုံး ၁၅ ပွဲမှာ ၁ ဂိုးပဲ သွင်းထားနိုင်တဲ့ ဒါဝင်ဟာ ဒီပွဲ ပွဲအစ ၆ မိနစ်မှာတင် ဂက်ပိုနဲ့ တွဲလုံးက တစ်ဆင့် ဧရိယာထိပ်ကနေ လှလှပပ အဆုံးသတ်ပါတယ်။ ဒါဝင်ဟာ သွင်းဂိုးတွေ လိုအပ်နေသူဖြစ်ပြီး သူ ဂိုးရခဲ့ချိန် ဆာလာက ပျော်ရွှင်စွာ အောင်ပွဲခံခဲ့တာကလည်း ကျေနပ်စရာပါ။

လီဗာပူးအသင်း ပွဲကို အကောင်းဆုံး ထိန်းချုပ်နိုင်ခဲ့တယ်လို့ ပြောရမှာပါ။ ဘန်လေဘက်က ဘာမှ လုပ်ပြနိုင်ခြင်း မရှိဘဲ လီဗာပူးရဲ့ ဘောလုံးကိုင်ကစားမှု၊ ထိုးဖောက်မှုတွေကို ခုခံနေဖို့ကလွဲ သူတို့မှာ ရွေးချယ်စရာ မရှိခဲ့ပါဘူး။

ဂက်ပိုရဲ့ သွင်းဂိုးကို မပေးဖို့ ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်က တော်တော်လေး စိတ်ပျက်ဖို့ ကောင်းပါတယ်။ ဒါဝင် ဖောင်းလုပ်တယ်ဆိုကာ သွင်းဂိုးကို ပယ်ချခဲ့တာပါ။ ဒီဂိုးမှာ VAR က ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်ကိုပဲ အတည်ယူဖို့ ရွေးချယ်ခဲ့ဟန် ရှိပါတယ်။

အန်ဒိုရဲ့ ပိတ်ချက်ကလည်း တော်တော်လေးကို လှပေမယ့် ထရတ်ဖိုဒ့် ကာကွယ်သွားပါတယ်။ ဘန်လေဂိုးသမား ထရတ်ဖိုဒ့်ဟာ ဒီပွဲမှာ လက်စွမ်း ကောင်းလွန်းနေခဲ့ပါတယ်။

ဒုတိယပိုင်းမှာ ဟာဗေးက ဖြတ်တင်ဘောကို သပ်သပ်ရပ်ရပ် ပိတ်ပါတယ်။ ဒါပေမယ့် ဒီဂိုးကိုလည်း ဆာလာ လူကျွံနေတယ်ဆိုပြီး မပေးခဲ့ပါဘူး။ VAR ဘက်က ဆာလာ လှုပ်သွားတဲ့ ဗီဒီယိုကိုပဲ ပြသနေပေမယ့် နောက်ထပ် ရှုထောင့်တွေမှာတော့ ဘန်လေ ခံစစ်သမားက ဆာလာကို အနောက်ကနေ တွန်းခဲ့တာပါ။

ဒိုင်ပါနေပြီဆိုတာ နားလည်ခဲ့ဟန်ရှိတဲ့ ဘန်လေ ကစားသမားတွေဟာ အားတက်လာခဲ့ပြီး လီဗာပူးကို တန်ပြန် ထိုးဖောက်မှုတွေ လုပ်လာပါတယ်။ ဒီပွဲမှာ ဘယ်အစွန်လူအဖြစ် ဂိုးမက်စ် ကြိုးစားနေခဲ့ပေမယ့် သူ့ရဲ့ လူကပ်ပုံ ပေါ့လျော့မှုကနေ ဘန်လေဘက်က အပိုင် ခေါင်းတိုက်ခွင့် ရသွားခဲ့ပါသေးတယ်။

ဘန်လေရဲ့ နောက်ထပ် တစ်ကြိမ် ပိတ်ချက်ကလည်း ဒါဝင်နဲ့ ထိခဲ့လို့ ထောင့်ကန်ဘော ဖြစ်ခဲ့တာပါ။ လူစားလဲမှု ၃ ခု တစ်ပြိုင်တည်း လုပ်လိုက်ချိန်မှာ အသင်းရဲ့ ကစားပုံက အနည်းငယ် ပြာထွက်ခဲ့ပေမယ့် ဒါဝင်နေရာ ဂျိုတာကို ထည့်ခဲ့တာကတော့ မှန်ကန်တဲ့ ရွေးချယ်မှုဖြစ်ခဲ့ပါတယ်။

ဒီယက်စ်ရဲ့ နောက်ပေါက်ဖြင့် ချပေးမှုကို ဂျိုတာကပဲ သူ့ရဲ့ ပုံစံအတိုင်း အပြင်းကန်သွင်းပြီး အဆုံးသတ်ကာ အနိုင်သေချာစေခဲ့တာ ဖြစ်ပါတယ်။

ဒီပွဲကပဲ လီဗာပူးအသင်း ဂိုး ၁ ဂိုးရဖို့ ဘယ်လောက် ခက်ခဲတယ်ဆိုတာ မြင်သာစေပါတယ်။ ပြိုင်ဘက် ၁၁ ဦးတင် မဟုတ်ဘဲ ကွင်းလယ်ဒိုင်တွေကော VAR ဒိုင်ကိုပါ ကျော်ဖြတ်ရပြီး အသန့်စင်ဆုံး ဂိုးကပဲ သွင်းဂိုး ဖြစ်လာမှာပါ။ တော်တော်လေး အပြစ်ရှာမရတဲ့ ဂိုးမှပဲ ဂိုးအဖြစ် သတ်မှတ်ပေးခံရတာ ဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် ၂ ပွဲဆက် သရေရလဒ်ကနေ ဖောက်ထွက်ပြီး နိုင်ပွဲပြန်ယူကာ ဇယားထိပ် ပြန်တက်နိုင်စွမ်းရှိတာကတော့ ကျေနပ်စရာ ကောင်းခဲ့ပါတယ်။