ဇယားထိပ် ပြန်တက်ခြင်း၊ အသင်းသား တစ်ဦးကို ထုတ်ဖော် ချီးကျူးတဲ့ နည်းပြကလော့ပ်၊ ပွဲစဉ်ရဲ့ အကောင်းဆုံး ကစားသမားနဲ့ နံနက်ခင်း လီဗာပူး သတင်းများ

လီဗာပူးအသင်းဟာ ဒါဝင်၊ ဂျိုတာတို့ရဲ့ သွင်းဂိုးတွေနဲ့အတူ ဘန်လေကို ၂-၀ ဖြင့် အနိုင်ယူပြီး ပရီးမီးယားလိဂ် အမှတ်ပေးဇယားထိပ်ကို တက်ရောက်သွားပါတယ်။

ဘန်လေပွဲမှာ လူစားဝင်လာပြီး ဂိုးသွင်းယူခဲ့တဲ့ ဂျိုတာဟာ လီဗာပူး ကစားသမားဘဝ ပရီးမီးယားလိဂ် သွင်းဂိုး ၅၀ ပြည့်သွားခဲ့ပြီ ဖြစ်ပါတယ်။

ပွဲအပြီးမှာ လီဗာပူးပရိသတ်တွေ မဲပေးတဲ့ ပွဲစဉ်ရဲ့ အကောင်းဆုံး ကစားသမားဆုကို ဒါဝင်က ရရှိခဲ့ပါတယ်။

ဒါဝင်နဲ့ တွဲဘက်ကစားနိုင်ခဲ့တာကို ဂက်ပိုက ပျော်ရွှင်နေပြီး အသင်းဖော် တိုက်စစ်မှူး ဂိုးတွေ ထပ်ရဖို့ မျှော်လင့်တယ်လို့ ဆိုပါတယ်။ သူ့ရဲ့ သွင်းဂိုး ပယ်ချခံရတာနဲ့ ပတ်သက်လို့တော့ ဒါဝင်က သူ ဗီလာ ကစားသမားကို ထိတောင် မထိလိုက်ရဘူးလို့ ပြောပြကြောင်း ထုတ်ဖော်သွားပါတယ်။

ယာဂင်ကလော့ပ်ကတော့ ဒီပွဲအတွက် သူ့စိတ်ကြိုက် ကစားသမားအဖြစ် ကွင်းလယ်လူ ဝါတာရုကို ရွေးချယ် ချီးကျူးခဲ့ပါတယ်။ ဝါတာရုကတော့ သူ့ရဲ့ လူမှုကွန်ယက်ကနေ အရေးပါတဲ့ နိုင်ပွဲလို့ ရေးသားသွားပါတယ်။

ဘန်လေပွဲအပြီးမှာ လီဗာပူးပရိသတ်တွေကတော့ ဒီရာသီ ပရီးမီးယားလိဂ်ဖလားကို အသင်းရမယ် မထင်ဘူးလို့ မှတ်ချက်ပေးကြပါတယ်။ ဘန်လေပွဲမှာ သွင်းဂိုး ၂ ဂိုးကို VAR ပယ်ချခဲ့တဲ့ အနေအထားကို ကြည့်မယ်ဆိုရင် လီဗာပူး နိုင်ပွဲရမှာကို ဒိုင်အဖွဲ့က သေလောက်အောင် ကြောက်ရွံ့နေတယ်လို့ ဆိုနေကြပါတယ်။

ကွင်းလယ်ဒိုင် တီယာနေးဟာ ဘန်လေပွဲမှာ ဟာဗေးသွင်းယူတဲ့ သွင်းဂိုးကို VAR ကြည့်ပြီး ဂိုးမပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ကလော့ပ်ကတော့ ဘောလုံး လုံးဝ မကန်ဖူးတဲ့သူမျိုးမှပဲ ဒီဂိုးကို မပေးဖို့ ဆုံးဖြတ်ပါလိမ့်မယ်လို့ တုန့်ပြန်ပါတယ်။

ဗန်ဒိုက်က သူ့နဲ့အတူ ခံစစ်မှာ တွဲဘက်သွားတဲ့ ကွမ်းဆက်ကို ချီးကျူးခဲ့ပြီး ဒီကောင်လေး တိုးတက်လာဖို့ တတ်နိုင်သလောက် ကူညီသွားမယ်လို့ မှတ်ချက်ပေးပါတယ်။

အက်စတွန်ဗီလာဟာ အဝေးကွင်းမှာ မန်ချက်စတာ ယူနိုက်တက်ကို ၃-၂ ဖြင့် ရှုံးနိမ့်တာကြောင့် လီဗာပူးနဲ့ ၃ မှတ်ပြတ်သွားကာ တတိယနေရာ ဆင်းသွားပါပြီ။