ယာဂင်ကလော့ပ်က ဘန်လေကို ၂-၀ ဖြင့် အနိုင်ရပြီး ပရီးမီးယားလိဂ် အမှတ်ပေးဇယား ထိပ်ကို တက်နိုင်တာကို ပျော်ရွှင်နေပေမယ့် ၃ ပွဲဆက်တိုက် ဒိုင်တွေရဲ့ မျက်နှာသာ မပေးမှုကို စတင်ပြီး ဝေဖန်ခဲ့ပါတယ်။
ဟာဗေးရဲ့ သွင်းဂိုးကို လူကျွံဘောဆိုပြီး မပေးတဲ့ ဆုံးဖြတ်ချက်ကို ကလော့ပ်က ရူးနေတာလို့ ကင်ပွှန်းတပ်ခဲ့တာပါ။ မကြာသေးခင်ကပဲ အိုဒီဂတ်ရဲ့ ဘက်စကတ်ဘော ပုပ်သလို ဘောလုံးကို လက်နဲ့ထိန်းမှုနဲ့ လုရှောရဲ့ ဧရိယာထဲ လက်ထိမှုတွေမှာလည်း VAR ဒိုင်တွေက မပေးဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။
ဆာလာကို ဘန်လေ ကစားသမား တွန်းထုတ်ခြင်းကြောင့် လူကျွံတယ်ဆိုပြီး ဟာဗေးဂိုး ပယ်ချလိုက်ရာမှာ ဘန်လေတို့ စိတ်ဓါတ်ပိုင်း တက်လာခဲ့ပြီး လီဗာပူးဘက်ကို ထိုးဖောက်မှုတွေ ဆက်တိုက် လုပ်သွားခဲ့တာပါ။
Salah was pushed but the referee is blind pic.twitter.com/8q9QxpoIjx
— . (@StanSalah11) December 26, 2023
နည်းပြကလော့ပ်ကတော့ “ ရိုးရိုးသားသား ပြောရမယ်ဆိုတာ ရူးတာပါပဲ၊ ဒီလူ (တီယာနေး) သူ့ဘဝမှာ ဘောလုံး တစ်ကြိမ်မှ မကစားဖူးရင် ဒီလိုပဲ ဆုံးဖြတ်မှာပါပဲ။ လူကျွံဘော စည်းမျဉ်းရဲ့ စာမျက်နှာ ၇ မှာ ဂိုးသမားနဲ့ ကန်သွင်းသူကြား ဘာရှိရင် ဘာပါဆိုပြီး ဆုံးဖြတ်သွားတာ အဓိပ္ပာယ် မရှိတာပါပဲ။
တစ်ခုခုအပေါ်မှာ ဘာလို့များ ဒိုင်လူကြီးတွေက သူတို့ ကိုယ်ပိုင် အမြင်တွေ ဖန်တီးနေကြတာလဲ? ကျနော်တို့အားလုံး ဒိုင်တွေလိုပါတယ်။ ဒါပေမယ့် စည်းမျဉ်းတွေကို မှန်မှန်ကန်ကန် ဖွင့်ဆိုနိုင်တဲ့ ဒိုင်တွေပဲ လိုပါတယ်။
ဒီအခြေအနေကြီးကို (ဟာဗေးရဲ့ သွင်းဂိုး) ဂိုးမပေးဘူးတဲ့ဗျာ။ ဒီလောက် ရှင်းနေတဲ့ ဂိုးဟာ။ အခုက မပေးဘူးတဲ့။ လက်ထိဘောတွေလည်း ဒီတိုင်းပါပဲ ” လို့ မှတ်ချက်ပေးခဲ့ပါတယ်။
လီဗာပူးပရိသတ်တွေကတော့ ဒီရာသီ ချန်ပီယံ မဖြစ်မယ့် အကြောင်းရင်းတွေထဲက တစ်ချက်ကတော့ ပရီးမီးယားလိဂ် ဒိုင်တွေက အသင်းကို အကြိမ်များစွာ ဆွဲချနေခြင်းကြောင့်ပဲလို့ ဝေဖန်နေကြပါတယ်။