လီဗာပူးကို မပေးပေမယ့် မန်စီးတီးကို ပေးခဲ့တဲ့ VAR ဒိုင်၊ အာဖရိကသွားတော့မယ့် ဆာလာနဲ့ နံနက်ခင်း လီဗာပူး သတင်းများ

နယူးကာဆယ် ပွဲအပြီးမှာ ဆာလာဟာ အာဖရိကပွဲ သွားရောက် ယှဉ်ပြိုင်ရမှာ ဖြစ်ကာ အီဂျစ်အသင်း ဖိုင်နယ်ထိ ရောက်မယ်ဆိုရင် ဆာလာက လီဗာပူးအသင်းရဲ့ ပွဲစဉ် ၇ ပွဲကို လွဲချော်သွားမှာ ဖြစ်ပါတယ်။

ဆာလာ မရှိတော့ရင် သူအပါအဝင် အသင်းတိုက်စစ်သမားတွေဟာ သွင်းဂိုး ရှာဖွေပေးနိုင်ရေး ရှေ့ထွက်လာရမယ်လို့ ဂက်ပိုက နားလည်ထားပါတယ်။

လီဗာပူးအသင်း ဒီရာသီ ပရီးမီးယားလိဂ်ဖလား အောင်မြင်ဖို့ဆိုရင် ဂျိုတာလို အဆုံးသတ်သေချာတဲ့ တိုက်စစ် ကစားသမားကို အရေးတကြီး လိုအပ်တယ်လို့ ပရီးမီးယားလိဂ် သုံးသပ်သူတွေက ထောက်ပြပါတယ်။

လီဗာပူးနဲ့ အာဆင်နယ်ပွဲမှာ အိုဒီဂတ် လက်ထိဘောကို ပင်နယ်တီ မပေးခဲ့တဲ့ VAR ဒိုင်လူကြီး David Coote ဟာ အဲဗာတန်နဲ့ မန်စီးတီးပွဲမှာတော့ VAR ဒိုင်အဖြစ် တာဝန်ယူရင်း အိုနာနာ ရှောင်ချိန်မရတဲ့ ၂ ကိုက် အကွာက လက်ထိဘောကို ပင်နယ်တီ ပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

လီဗာပူးပရိသတ်တွေကတော့ ဒိုင်လူကြီးတွေရဲ့ ဒီလို မျက်နှာသာပေးမှု မရပါဘဲ ထိပ်ဆုံးနေရာအတွက် ယှဉ်ပြိုင်နိုင်ဖို့ဟာ ခက်ခဲလှတယ်လို့ တုန့်ပြန်နေကြပါတယ်။

လီဗာပူးအသင်းဟာ အာဆင်နယ်၊ မန်စီးတီးတို့နဲ့ မတူညီတဲ့ အားသာချက်ရှိတဲ့ အသင်းဖြစ်ပြီး ပြင်းထန်စွာ ပေါက်ကွဲ ကစားနိုင်မှုနဲ့ ဖိအားပေးနိုင်ခြင်းတွေမှာ လိဂ်ရဲ့ အကောင်းဆုံးအသင်းလို့ ဘန်လေ နည်းပြကွန်ပနီက မှတ်ချက်ပေးသွားပါတယ်။

Prime ရဲ့ Boxing Days ရလဒ်ကြေညာမှုမှာ အခြားပွဲစဉ် ရလဒ်တွေ မှန်ကန်ပေမယ့် ဘန်လေ ၀-၁ လီဗာပူးလို့ မှားယွင်းစွာ ဖော်ပြခဲ့တာကြောင့် ပရီးမီးယားလိဂ်က လီဗာပူးကို တော်တော် စိတ်နာနေတယ်လို့ ပရိသတ်တွေက ဟားတိုက်ကြပါတယ်။

လီဗာပူးအသင်းဟာ ဒီယက်ဇ်ကို ရောင်းချပြီးရင် အေစီမီလန် ဘယ်တောင်ပံသမား လီယာအိုကို ခေါ်ယူလိမ့်မယ်လို့ အီတလီ သတင်းတွေက ဖော်ပြပါတယ်။

ရော်ဘတ်တို ဖာမင်နိုဟာ ဆော်ဒီလိဂ်ကနေ ထွက်ခွာပြီး ဥရောပကို ပြန်လာဖို့ ဒါမှမဟုတ် ဘရာဇီးထံ ပြန်သွားဖို့ စီစဉ်နေပြီ ဖြစ်ပါတယ်။