အတည်ငြိမ်ဆုံး ဂိုးသမား၊ အကောင်းဆုံး ခံစစ်တွေနဲ့ ၂၀၂၃ ခုနှစ်ကို ပရီးမီးယားလိဂ် ရာသီဝက် ချန်ပီယံအဖြစ် ကျော်ဖြတ်တော့မယ့် လီဗာပူးအသင်း

၂၀၂၃-၂၀၂၄ ဘောလုံးရာသီရဲ့ ပထမဘောလုံးရာသီဝက်ကို ကျော်ဖြတ်ခဲ့ပြီဖြစ်ကာ လီဗာပူးအသင်းဟာ အဆင့် ၁ နေရာမှာ ဆက်ရှိနေဆဲဖြစ်ပါတယ်။

ပရီးမီးယားလိဂ် ပွဲစဉ် ၁၉ အပြီး လီဗာပူးအသင်းဟာ ၁၂ ပွဲနိုင် ၆ ပွဲသရေ ၁ ပွဲရှုံး ရမှတ် ၄၂ မှတ်ဖြင့် ဇယားထိပ်မှာ ရပ်တည်နေခဲ့တာပါ။ လက်ရှိမှာ ဒုတိယနေရာက အာဆင်နယ်ကို ၂ မှတ်ဖြတ်ထားနိုင်သလို လက်ရှိ ချန်ပီယံ မန်စီးတီးကိုလည်း တစ်ပွဲပိုကစား ၅ မှတ် ဖြတ်ထားနိုင်ပါတယ်။

ပရီးမီးယားလိဂ်ရဲ့ တိုက်စစ်အကောင်းဆုံး ထိပ်ဆုံး ၄ သင်းထဲမှာ လီဗာပူးအသင်းက သွင်းဂိုး ၃၉ ဂိုးနဲ့ ပါဝင်နေပြီး အသင်းထက် ဂိုးပိုသွင်းထားတာဆိုလို့ အက်စတွန်ဗီလာ သွင်းဂိုး ၄၀ နဲ့ မန်စီးတီး ၄၃ ဂိုးတို့ပဲ ရှိပါတယ်။

ပရီးမီးယားလိဂ် သွင်းဂိုး အများဆုံး ကစားသမား စာရင်းမှာ ဆာလာက ၁၂ ဂိုးဖြင့် ဟာလန်း ၁၄ ဂိုးနောက်မှာ ရှိနေပါတယ်။ ဂိုးထောက်ပံ့မှုမှာလည်း ဆာလာက ၇ ကြိမ်ဖြင့် အများဆုံး ဖြစ်ပါတယ်။

ခံစစ်ပိုင်းမှာတော့ လီဗာပူးအသင်းဟာ လက်ရှိ ပရီးမီးယားလိဂ်ရဲ့ ခံစစ် အကောင်းဆုံး အသင်းဖြစ်ကာ ပေးဂိုး ၁၆ ဂိုးပဲ ရှိပါတယ်။ အနီးစပ်ဆုံးအဖြစ် အာဆင်နယ်က ပေးဂိုး ၁၈ ဂိုးဖြစ်ကာ ကျန်တဲ့ အသင်းအားလုံးက ပေးဂိုး ၂၀ နဲ့အထက် ရှိနေကြပါတယ်။

ဂိုးသမား အယ်လီဆန်ဟာ ဒီရာသီ clean sheet အများဆုံး ဂိုးသမားအဖြစ် ယူနိုက်တက် ဂိုးသမား အိုနာနာနဲ့အတူ ၆ ပွဲဖြင့် ပူးတွဲရပ်တည်နေပါတယ်။

ဒဏ်ရာရ ကစားသမားတွေအဖြစ် ကွင်းလယ်လူတွေဖြစ်ကြတဲ့ သီယေဂို၊ ဘာဂျ်ဆီတစ်၊ မက်ကယ်လစ္စတာ။ ဘယ်အစွန်လူတွေဖြစ်တဲ့ ရော်ဘတ်ဆန်နဲ့ ကိုစတက်။ ခံစစ်မှူး မာတစ်။ တိုက်စစ်သမား ဗန်ဒုတ်တို့ ဒဏ်ရာရှိထားပါတယ်။ ဂျိုတာ ပြန်သက်သာလာပြီး ဒီယက်စ် ရာနှုန်းပြည့် မကောင်းသေးတာမျိုးလည်း ရှိပါတယ်။

ကွင်းလယ်တန်းအသစ်၊ အသင်းရရှိထားတဲ့ ဒဏ်ရာပြဿနာနဲ့ ဒီရာသီ VAR ဆုံးဖြတ်ချက် မျက်နှာသာပေး မခံရမှုတွေကြားက လီဗာပူးအသင်း အခုလို ဇယားထိပ် ရောက်နေသလို ပြိုင်ပွဲစုံ ၄ ရပ်ထဲမှာ ဆက်ရှိနေတာဟာ မဆိုးလှတဲ့ ရာသီဝက်လို့ ပြောရမှာ ဖြစ်ပါတယ်။