VAR ကို ဖျက်သိမ်းလိုက်သင့်ပြီးလား မေးခံရချိန် ပညာသားပါပါ ပြန်ဖြေပေးသွားတဲ့ ယာဂင်

နယူးကာဆယ် ပွဲကြို မီဒီယာတွေ့ဆုံမှုမှာ သတင်းထောက်က နည်းပြကလော့ပ်ကို ပွဲတည်ပေးတဲ့ မေးခွန်းတွေ ထုတ်မေးလာခဲ့ပါတယ်။

၎င်းတို့ကတော့ ပရီးမီးယားလိဂ် ဘောလုံးပွဲတွေအတွင်း VAR အသုံးပြုခြင်းကို ဖျက်သိမ်းလိုက်သင့်ပြီးလား ဆိုတဲ့ မေးခွန်းကို မေးခဲ့ပြီး ယာဂင်ကလော့ပ်က ” ဒီမေးခွန်းကို ကျနော် ပြန်ဖြေပေးသင့်တယ်လို့ မထင်ပါဘူး ” လို့ တုန့်ပြန်ပါတယ်။

နည်းပြကြီးကပဲ ဆက်လက်ပြီး ” ကျနော်ရဲ့ စကားလုံးတွေ အသုံးပြုခွင့်ကို မင်းတို့ကို မကြာခဏ ပေးခဲ့ပြီးပါပြီ။ ဒီမေးခွန်းကို ဖြေလိုက်တာနဲ့ ကလော့ပ်ကတော့ ဒီလို ပြောပါတယ်.. ဆိုပြီး မင်းတို့ လုပ်နေကျပါ။

ပွဲတိုင်းမှာ ကျနော်တို့တွေက ဘယ်လိုလုပ်ပြီး ဒီလို ဆုံးဖြတ်လိုက်တာလဲ? ဆိုတဲ့ ပြဿနာတွေကို မြင်နေရတယ်။ ဘန်လေပွဲမှာ VAR ပယ်ချလိုက်တဲ့ ၂ ကြိမ်က ဂိုးတွေရသင့်တာပါ။ VAR ကို ပိုကောင်းကောင်း သုံးတာကပဲ မှန်ကန်တဲ့ ကိစ္စဖြစ်ပါလိမ့်မယ် ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

ဒီရာသီမှာ နည်းပြကလော့ပ်ဟာ VAR နဲ့ ပတ်သက်လို့ ထင်ရှားတဲ့ ပြောဆိုမှု တစ်ခု ပြုလုပ်ထားပါတယ်။ သူကတော့ ဒိုင်လူကြီးတွေကို အပြစ်မတင်ကြောင်းနဲ့ VAR အမှားက ပွဲရလဒ်ကို ထိခိုက်စေတာ မှန်ကန်ရင် ပွဲကို ပြန်ကန်သင့်ပါတယ်လို့ သူ့အမြင်ကို ထုတ်ပြောထားတာပါ။

ဘောလုံးပွဲတွေကို Replay ကစားဖို့ဟာ ထင်သလောက်တော့ မလွယ်လှဘဲ ဘောလုံးအသင်းတွေက သူတို့ ရလဒ်မကောင်းတဲ့ ပွဲတိုင်းမှာ VAR ကို အသုံးချပြီး ပြန်ကန်ပွဲ ကစားလာနိုင်တာမို့ ကလော့ပ်ရဲ့ အပြောက မဖြစ်နိုင်တာပဲလို့ ဝေဖန်မှုတွေ အများကြီး ထွက်ခဲ့သေးတာ ဖြစ်ပါတယ်။