လီဗာပူးအသင်းဟာ အိမ်ကွင်း ၃ ပွဲဆက်ထဲက ဒုတိယပွဲအဖြစ် ဖူလ်ဟမ်ကို ရင်ဆိုင်ကစားရာမှာ ဆာလာရဲ့ ပင်နယ်တီနဲ့ အနိုင်ရခဲ့ပါတယ်။ ဒါဟာ အသင်းရဲ့ ၅ ပွဲဆက် ပရီးမီးယားလိဂ် နိုင်ပွဲဖြစ်ပါတယ်။
အတက်အကျ မကြမ်းတမ်း
စပါးပွဲလောက် အဖွင့်မကောင်းပေမယ့် ကောင်းကောင်းထိန်းချုပ် ကစားနိုင်တဲ့ ပွဲပါပဲ။ ဖူလ်ဟမ်က တစ်ကြိမ် တစ်ကြိမ်တော့ အတော်လေး စိတ်အနှောက်အယှက် ပေးပါတယ်။ ဒါပေမယ့် လီဗာပူးက အရင်လတွေလို ရူးလောက်အောင် ချာနေတာမျိုး မဟုတ်တော့ပါဘူး။
တိုက်စစ်မှာ လီဗာပူး အားထုတ်ခဲ့တဲ့ ပုံစံတွေအရဆို ဒီပွဲက ၀-၀ နဲ့တင် ပွဲသိမ်းနိုင်လောက်တဲ့ အနေအထားပါ။ ၁-၀ ရလဒ်ထွက်တယ် ခံစစ်က ပေးဂိုးမရှိဘဲ အနိုင် ၃ မှတ်ရတယ်ဆိုတာက လုံလောက်ပါတယ်။ တိုက်စစ်မှာ ပိုပြီး တည်ငြိမ်ဖို့လိုသလို ကွင်းလယ်နဲ့ ခံစစ်က ဟန်ချက်ညီမှုတွေ ရှာရမယ်ဆိုပေမယ့် ဒီရလဒ်က ကောင်းပါတယ်။
ဖိအားပေးမှု
အခုက ဘယ်လို လူစာရင်းပဲ ထုတ်ထုတ် ဖိအားပေး တစ်ပေါက်ကတော့ အတော် အားရဖို့ကောင်းပါတယ်။ တိုက်စစ်ကစားချင်စိတ်လည်း ရှိကြတယ်။ စနစ်သစ် ပြောင်းလာပြီးတည်းက သိသာလာတဲ့ ဖိအားပေး တိုးတက်မှုက ဖူလ်ဟမ်ပွဲမှာ ပိုအရှိန်ရလာပါတယ်။
ဒီယက်စ်၊ ဒါဝင်၊ ဆာလာ တိုက်စစ်အတွဲကို ပွဲထုတ်တယ်ဆိုပေမယ့် ကာတစ်ဂျုံးက ကွင်းလယ်တန်းရဲ့ ဖိအားပေးမှုကို အဓိက တာဝန်ယူသူ ဖြစ်လာတယ်။ ဖာဘင်ညိုနဲ့ ဟန်ဒါဆန်ကတော့ ရှေ့က ၄ ယောက်ကို စပို့ပေးတဲ့ တာဝန်တွေကိုပဲ ယူတာများပါတယ်။ ဟန်ဒါဆန်တောင် တိုက်စစ်ချည်း တွန်းလိုနေတာမျိုး မြင်ရပြီး ဒါဝင် အသုံးမချနိုင်လို့ပါ။
ဒါဝင်က ဧရိယာထဲမှာ ပြစ်ဒဏ် ရယူပြီး အသင်းအတွက် ပင်နယ်တီ တစ်ကြိမ် ကြိုးစားပေးခဲ့ပါတယ်။ Nothing ကနေ Something ဖြစ်လာတယ်လို့ပဲ ပြောရမှာပါ။
ခံစစ် ငြိမ်လာပြီး အယ်လီဆန် ကောင်းခဲ့တယ်
ထရန့်ကို ကွင်းလယ်မှာ ဝင်ကစားစေတာ လီဗာပူး ကစားကွက်ကို တစ်ဆင့်တက်စေခဲ့ပါတယ်။ ဒါပေမယ့် ခံစစ်ပိုင်း ကာကွယ်ဖို့ နေရာလွတ်တွေ များလာတာကို စပါးပွဲမှာ သိသိသာသာ မြင်ခဲ့ရတယ်။ ဒီပွဲမှာတော့ ခံစစ်က ဟာကွက်တွေ ပိုနည်းပြီး ပိုကျစ်လစ်လာတာကို မြင်ရပါတယ်။ ထရန့်က တိုက်စစ်တင် မဟုတ်ဘူး ဒီပွဲမှာ ခံစစ်ကာကွယ်မှုတွေလည်း ကောင်းပါတယ်။
ဘောလုံးပိုင်ဆိုင်ထားချိန်မှာ ကိုနတေးက အတော်လေး သက်ရောက်မှု ရှိပါတယ်။ သူနဲ့ ဗန်ဒို်က်တို့က တိုက်စစ်-ခံစစ် အကူးအပြောင်းတွေမှာ နေရာလွတ်တွေ ကာကွယ်ပေးဖို့ အတော်လေး အလုပ်လုပ်ရပါတယ်။ စပါးပွဲတုန်းက ရှယ်လှော်ခံခဲ့ရတဲ့ ဗန်ဒိုက်က ဒီပွဲမှာ သူ့ရဲ့ ခံစစ်ကို ရအောင် ထိန်းပါတယ်။ ကြည့်ရတာ နေရာသစ်မှာ သူလည်း အသားကျလာနေဟန် ရှိပါတယ်။
ဒီတလော စိုးရိမ်နေရတဲ့ ဘယ်ခြမ်းအတွက်ကတော့ အပြောင်းအလဲအဖြစ် ကိုစတက် ပွဲထွက်ပေမယ့် ဒီပွဲမှာ သိပ်ပြီး ကြီးကြီးမားမား ခြိမ်းခြောက် မခံခဲ့ရပါဘူး။ ဖူလ်ဟမ်ရဲ့ တစ်ခုတည်းသော အခွင့်အရေးကောင်းက ဒုတိယပိုင်းမှာဖြစ်ပြီး အယ်လီဆန် ထူးထူးချွန်ချွန်ကို ကာကွယ်ခဲ့ပါတယ်။ ဒီပွဲ ခံစစ်ပုံစံကို ကြိုက်ပါတယ်။
မြင်းရိုင်းတွေရဲ့ တိုက်ခိုက်မှု
လီဗာပူး တိုက်စစ်မှာ ဒီယက်စ်၊ ဒါဝင်၊ ဆာလာတို့ အတွဲက ဘောလုံးထိန်းချုပ်မှု မကောင်းဘူး၊ လိုက်လျောညီထွေ မဖြစ်ပါဘူး။ ဒါပေမယ့် သူတို့တွေရဲ့ တိုက်ရိုက် ဖောက်မှုတွေကတော့ ကောင်းပါတယ်။ မြင်းရိုင်းတစ်အုပ် လွှတ်ထားသလိုပါပဲ ဝုန်းဒိုင်းနဲ့ကို ပြေးလွှားကြတာပါ။
ဒါဝင် ဘောလုံးအပျက်များတာကလည်း တိုက်စစ်ကို အတော်လေး ဒုက္ခပေးပါတယ်။ ထိချက်တွေ မကောင်းဖြစ်ကြသလို ပေးဖို့တို့ ကိုယ်တိုင် ထိုးဖောက်ဖို့တွေမှာ ရွေးချယ်မှုတွေ ညံ့ပါတယ်။ တိုက်စစ်ကတော့ အရင်ပွဲတွေလောက် အားမရဘဲ နည်းနည်း စုတ်ပြတ်သတ်နေပါတယ်။
ဆက်ယူရမယ့် နိုင်ပွဲ
အမှတ်ပေးဇယားမှာ သွားကြည့်ရင်တော့ လီဗာပူးက အဆင့် ၄ နေရာနဲ့ ၄ မှတ်ပဲ ကွာတယ်လို့ မြင်ကြပါလိမ့်မယ်။ တကယ်တမ်းကတော့ အဲ့ထက် အများကြီး အလှမ်းကွာပါတယ်။ ယူနိုက်တက်က ၂ ပွဲကျန်ပါ၊ နယူးကာဆယ်က ဒီအပတ် အာဆင်နယ်ပွဲမှာ ရလဒ် မကောင်းရင်တောင် ၆ မှတ် ဖြတ်ထားဦးမှာပါ။
အဆင့် ၄ အတွင်း ဝင်ဖို့က မဖြစ်နိုင်သလောက် အခြေအနေမှာ ရှိနေဆဲပါ။ အသင်းအနေနဲ့ ခက်ခဲတဲ့ အရာတွေကို မှန်းမျှော်နေတာထက် ပွဲတိုင်းကို အနိုင်ယူပြီး လာမယ့်ရာသီအတွက် တွန်းအားတစ်ခုခုကို ရယူဖို့ကိုပဲ ကြိုးစားသင့်ပါတယ်။