

လီဗာပူးအသင်းဟာ ၂၀၂၃ ခုနှစ်ကို ပရီးမီးယားလိဂ် ဦးဆောင်သူအဖြစ် ပိတ်သိမ်းမှာဖြစ်ပြီး ဇန်နဝါရီလ ၂ ရက်နေ့မှာ နယူးကာဆယ်ဖြင့် ယှဉ်ပြိုင်ရမှာပါ။
လွန်ခဲ့တဲ့ ၁ နှစ်တုန်းက ၂၀၂၃ နှစ်စမှာ လီဗာပူးအသင်းဟာ ဘရိုက်တန်ကို ၃-၁ ဖြင့် အရေးနိမ့်ပြီး အမှတ်ပေးဇယား အဆင့် ၆ နေရာမှာပဲ ရှိနေခဲ့တာပါ။ အဲ့တုန်းကတော့ ဇယားထိပ်ကို ဦးဆောင်နေတဲ့ အာဆင်နယ်နဲ့ ၁၅ မှတ်ထိ ကွာဟခဲ့ဖူးတာ ဖြစ်ပါတယ်။
၁ နှစ်အကြာမှာ ပရီးမီးယားလိဂ်ရဲ့ ဦးဆောင်သူ၊ အမှတ်ပေးဖလား စိန်ခေါ်သူ၊ လီဗာပူး ဗားရှင်း 2.0 အစရှိတဲ့ ချီးကျူးခံရမှုနဲ့အတူ ယာဂင်ကလော့ပ်ရဲ့ မွန်းစတားတွေက တစ်ကျော့ပြန်လာခဲ့ပါပြီ။
မနှစ်က ဒီလိုအချိန် အဆင့်၆ နဲ့ အခု ဇယားထိပ်က ရှိနေမှု ဘာကွာသွားလဲ မေးခံရချိန်မှာ ကလော့ပ်ကပဲ ” ၆ ဆလောက် ပိုပျော်ပါတယ်။ ၂၀၂၃ နှစ်စမှာ ဘယ်အသင်းနဲ့ ယှဉ်ပြိုင်ခဲ့ရလဲတောင် မမှတ်မိတော့ပါဘူး။ မနှစ်က အခြေအနေ သိပ်ဆိုးခဲ့တာပါ။ အခုတော့ ပိုကောင်းလာပြီလို့ ခံစားနေရတယ်။
ကျနော်တို့ ပျော်နေတာ သံသယမရှိနဲ့ ဒါပေမယ့် ဇယားထိပ်ရောက်နေတဲ့ အကြောင်း သိပ်အများကြီး စဉ်းစားမနေပါဘူး။ ကျနော်တို့ တိုးတက်နေပါတယ်။ ဒီအသင်းက တစ်ခုခုဖြစ်လာနိုင်တဲ့ လမ်းကြောင်းပေါ်မှာ ရှိနေတာပါ။
ကျနော်တို့မှာ ပြဿနာတွေ ရှိနေပေမယ့် အခုချိန်ထိတော့ ယှဉ်ပြိုင်နိုင်အောင် နည်းလမ်းရှာနိုင်နေဆဲပါပဲ။ အဆင့် ၆ နေရာကနေ ထိပ်ဆုံးကို ရောက်လာတာ ပိုကောင်းပါတယ်။ ဘောလုံးရာသီကုန်ထိ ပိုကြိုးစားဖို့ တွန်းအားဖြစ်စေတာပါပဲ ” လို့ တုန့်ပြန်သွားတာ ဖြစ်ပါတယ်။
ဒီရာသီ ပရီးမီးယားလိဂ် အကောင်းဆုံး တိုက်စစ် ၄ သင်းထဲက ၁ သင်းအဖြစ် ပါဝင်အောင် နည်းပြကလော့ပ်က လမ်းညွှန်းထားပေမယ့် ကလပ်ရဲ့ တကယ့် အရည်အချင်းက ခံစစ်ပိုင်း တောင့်တင်းမှုဖြစ်ပါတယ်။
” ခံစစ်ပိုင်း မှတ်တမ်းတွေ ကောင်းနေပါတယ်။ ဒီရာသီ ကျနော်တို့ ဂိုးဘယ်လောက် ပေးထားရလဲ? ၁၆ ဂိုး မဟုတ်လား? အဲ့ထဲက ၈ ဂိုး ၉ ဂိုးလောက်က ကျနော်တို့ ဘောလုံး ဆုံးရှုံးထားလို့ ပေးခဲ့ရတာပါ။ အခု ပိုကောင်းလာအောင် လုပ်နေပါတယ် ” လို့ ကလော့ပ်က မှတ်ချက်ပေးသွားခဲ့ပါတယ်။