

လီဗာပူးအသင်းက အမှတ်ပေးဇယားကို ဦးဆောင်နေပေမယ့်လို့ အသင်းသားတွေကြားမှာ ပရီးမီးယားလိဂ်ဖလား အကြောင်း စကားပြောနေကြခြင်း မရှိပါဘူးလို့ ဗန်ဒိုက်က ထုတ်ပြောလာပါတယ်။
ဘန်လေကို အနိုင်ယူခဲ့တဲ့ပွဲနဲ့ နယူးကာဆယ်ပွဲမတိုင်ခင် အချိန် ၅ ရက်ရရာမှာ နည်းပြကလော့ပ်က အသင်းသားတွေကို အားလပ်ရက် ၂ ရက် ပေးခဲ့ပါတယ်။ အဆိုပါ အချိန်အတွင်း မန်စီးတီးက အဲဗာတန်၊ ရှက်ဖီးတို့ကို အနိုင်ယူခဲ့သလို အာဆင်နယ်က ဝက်စ်ဟမ်းကို ရှုံးနိမ့်ခဲ့တာပါ။
ဗန်ဒိုက်ကတော့ ပြိုင်ဘက်အသင်းတွေရဲ့ ရလဒ်တွေကို လိုက်မကြည့်ခဲ့ဘဲ မိသားစုနဲ့ပဲ နှင်းတောတွေကြားမှာ ပျော်ရွှင်စွာ အချိန်ကုန်ဆုံးခဲ့ပါတယ်။
ဗန်ဒိုက်ကပဲ “ နှစ်သစ်ကူးနေ့မှာ ယှဉ်ပြိုင်ရမယ့် ပွဲကြီးပွဲကောင်း မတိုင်ခင် အားလပ်ရက် ၂ ရက်ကို မိသားစုနဲ့ပဲ ကောင်းကောင်းအချိန်ကုန်ခဲ့ပါတယ်။ ပြိုင်ဘက်အသင်းတွေ အကြောင်း လုံးဝ စိတ်မဝင်စားပါဘူး။ ဘောလုံးပွဲတွေတောင် မကြည့်ခဲ့ပါဘူး။ မိသားစုနဲ့ပဲ အချိန်ပေးဖြစ်ခဲ့ပါတယ် ” လို့ ပြောပြခဲ့တယ်။
လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ်ဖလား အနိုင်ရဖို့ ရေပန်းစား ၃ သင်းထဲက တစ်သင်း ဖြစ်လာခဲ့ပေမယ့် အသင်းသားတွေကတော့ ယခင်နှစ်တွေက အောင်မြင်ခဲ့သလိုပဲ ကိုယ်ယှဉ်ပြိုင်ရမယ့် ပွဲတွေကို အနိုင်ယူဖို့ပဲ စိတ်အားထက်သန်နေပါတယ်။
“ ဒီအခြေအနေမှာ ပရီးမီးယားလိဂ်ကို အနိုင်ယူဖို့အကြောင်း ကျနော် မပြောပါဘူး။ အသင်းက ဘယ်သူကမှ ဒီအကြောင်း ပြောနေကြမယ်လို့လည်း မထင်မိဘူး။ ဘာမဆိုဖြစ်သွားနိုင်တဲ့ အတွေ့အကြုံ ကျနော်တို့မှာ ရှိထားပါတယ်။
ကျနော်တို့ ခြေစွမ်းတည်ငြိမ်နေအောင်ပဲ ကြိုးစားပါမယ်။ အတိတ်တုန်းက အောင်မြင်မှုတွေမှာ အဓိကကျခဲ့တဲ့အတိုင်း ရောက်လာမယ့် ပွဲတွေကို အနိုင်ယူဖို့ပိုပဲ ဦးစားပေးရမယ်ဆိုတာ ကျနော်တို့ သိပါတယ် ” လို့ ဗန်ဒိုက်က ပြောပြသွားတာ ဖြစ်ပါတယ်။