ဖူလ်ဟမ်ကို အနိုင်ရခဲ့တဲ့ပွဲမှာ ဂိုးမပေးခဲ့ရတဲ့နောက် အယ်လီဆန် တစ်ယောက် မျက်ရည်ကျလုနီးပါး ဖြစ်ခဲ့ရတယ်လို့ ပွဲအပြီးမှာ ကလော့ပ်က ထုတ်ပြောလာပါတယ်။
ဆာလာရဲ့ ဒီရာသီ ၂၉ ဂိုးမြောက် သွင်းဂိုးကြောင့် လီဗာပူးအသင်း နောက်ဆုံး ၅ ပွဲဆက်တိုက် အနိုင်ရခဲ့ပြီး အသင်းရဲ့ ချန်ပီယံလိဂ်ဝင်ခွင့် မျှော်လင့်ချက် ခပ်ပါးပါးလေးက ဆက်ရှိနေဆဲပါ။ ဒါပေမယ့် ဒီပွဲနောက် အယ်လစ်ဆန်ရဲ့ clean sheet က ပိုပြီး စိတ်လှုပ်ရှားစရာ ဖြစ်ခဲ့တာပါ။
လီဗာပူးရဲ့ နာမည်ကျော် ခံစစ်ဟာ အရင်တုန်းကလို ခိုင်မာကျစ်လျစ်မှုမျိုး မရှိတော့တဲ့အပြင် ဂိုးသမားဟာလည်း ဒီရာသီအတွင်း တစ်ပွဲထဲ ၃ဂိုးပေးရတာ ၇ ပွဲရှိခဲ့ပါတယ်။ ဒါတွေကြောင့် clean sheet က သူ့အတွက်ရော အသင်းအတွက်ပါ ပိုပြီးတန်ဖိုးရှိနေခဲ့တာ ဖြစ်ပါတယ်။
“ ဂိုးမပေးရတော့ အယ်လစ်ဆန်က ငိုမိတော့မလိုပဲဗျ။ ဒါက ဒီရာသီအတွက် ကျွန်တော်တို့အတွက် ရှားပါးတဲ့ ရလဒ်မျိုးလေ။ သိပ်ကောင်းပါတယ်။ အထူးသဖြင့် သူ့အတွက်ပါ ” လို့ ကလော့ပ်က ပြောပါတယ်။
ဒီရာသီ ရုန်းကန်နေရပေမယ့် အယ်လစ်ဆန်က ပရီးမီးယားလိဂ်မှာ clean sheet ၁၂ ကြိမ် ရထားပြီးသားဖြစ်ပြီး လိဂ်မှာ တတိယအများဆုံး ဖြစ်သလို သူ့ထက် ပိုသာတဲ့သူဆိုလို့ ဒေးဗစ်ဒီဂီယာနဲ့ နစ်ပုပ်သာ ရှိပါတယ်။
“ ဂိုးမပေးရလို့ တကယ်ကို ပျော်ပါတယ်။ ဒီညမှာ အနိုင် ၃မှတ်ရတာလည်း သိပ်အရေးကြီးတယ်။ ဒါက တကယ်ကောင်းတဲ့အသင်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ခက်ခဲတဲ့ပွဲတစ်ပွဲပါ။ ကျွန်တော်တို့က အသင်းတစ်သင်းအနေနဲ့ စည်းစည်းလုံးလုံး ကြိုးစားခဲ့တယ်။ ဘောလုံးကိုင်ထားချိန်မှာရော ခုခံကာကွယ်ချိန်မှာရော ကောင်းကောင်းလုပ်ခဲ့တယ်။
ကျွန်တော်တို့ ပြိုင်ဘက်ကို အခွင့်အရေး အနည်းငယ် ပေးမိခဲ့ပေမယ့် ဒါက ပြိုင်ဘက်ရဲ့ အရည်အသွေးကြောင့်ပါပဲ။ ဒီညမှာ အနိုင် ၃မှတ်နဲ့ clean sheet အတွက် ကျွန်တော် ပျော်ပါတယ် ” လို့ အယ်လစ်ဆန်က ဆိုပါတယ်။
ဒီနိုင်ပွဲကြောင့် လီဗာပူးဟာ အဆင့် ၅ နေရာမှာ ရပ်တည်နေပြီး နောက်လာမယ့်ပွဲက ဘရန့်ဖို့ဒ်နဲ့ဖြစ်ကာ အန်ဖီးကွင်းမှာ ယှဉ်ပြိုင်ရမှာပဲ ဖြစ်ပါတယ်။