ဆက်လက် တောက်ပဆဲ ထရန့်၊ ပရိသတ်ချစ်ပေမယ့် ပွဲထွက် လူစာရင်းထဲ ပါနိုင်ဖို့ သက်သေပြဖို့ လိုနေတဲ့ ဒါဝင်နဲ့ ဖူလ်ဟမ်ပွဲမှ သတိပြုမိစရာ အသင်းသား (၃) ဦး

ပွဲက အကောင်းကြီး မဟုတ်ပေမယ့် လီဗာပူးဟာ အန်ဖီးမှာ ဖူလ်ဟမ်ကို ၁-၀ နဲ့ အနိုင်ရပြီးတော့ ၅ ပွဲဆက် အနိုင်မှတ်တမ်းကို ရရှိခဲ့ပါတယ်။

ဆာလာရဲ့ ပထမပိုင်း ပင်နယ်တီဟာ ပွဲအနိုင်ရဖို့ လုံလောက်စေခဲ့တာပါ။ နောက်ဆုံးမှာ ကလော့ပ် ပြုံးနေခဲ့ပေမယ့် လီဗာပူးရဲ့ စွမ်းဆောင်ရည် အရည်အသွေးက ပြောစရာတော့ အများကြီး ရှိနေဆဲဖြစ်ပါတယ်။ အထူးသဖြင့် ခံစစ်ပိုင်း တည်ငြိမ်ခဲ့လို့ အသင်းက အနိုင်ရလဒ်ကို ထိန်းထားနိုင်ခဲ့တာပါ။

အယ်လီဆန်ရဲ့ လက်စွမ်းပြကာကွယ်မှုနဲ့ မတိမ်းမယိမ်းနဲ့ ကျဉ်းမြောင်း ရလဒ်ကောင်းမှာ ကစားသမား ၃ ဦးအကြောင်း ပြောမှာဖြစ်ပါတယ်။

ထရန့် အလက်ဇန္ဒါး-အာနိုး

နောက်တန်းနဲ့ ကွင်းလယ် ပေါင်းစပ် တာဝန်ယူရတဲ့ နေရာအသစ်မှာ ပြန်တောက်ပလာခဲ့တဲ့ ထရန့်ဟာ တောင်ပံကို ကာဗာပေးရင်း အလယ်မှာပါ ဖန်တီးရှင် တစ်ယောက်အဖြစ် တာဝန်ယူခဲ့ပါတယ်။ သူ့ရဲ့ ပေးပို့မှု အကွာအဝေးက အမြဲတမ်း သာလွန်နေခဲ့ပေမယ့် ဒီနောက်ပိုင်းမှာ ပိုပြီးတော့တောင် အဆင့်မြင့်လာခဲ့တာပါ။

ဘယ်နေရာကနေပဲ ကစားပါစေ ထရန့်ထံကနေ အလှည့်အပြောင်း ကစားပုံတွေ၊ ဝုန်းဒိုင်းကြဲ ဖြတ်တင်ဘောတွေက ရှိနေတုန်းပါပဲ။ ထောင့်နားမှာ ဘောလုံးနဲ့ လှည့်ထွက်ပြီး တိုက်စစ်ကစားသမားတွေဆီ လှမ်းပေးတာတွေ၊ ကွင်းလယ်ကနေ ရိုးရှင်း တိုတောင်းပြီး ပွဲအရှိန်အတက်အကျကို ပဲ့ကိုင်ပေးတဲ့ ပေးပို့မှုတွေလည်း ရှိပါတယ်။

သူဟာ စိန်ခေါ်မှုတွေမှာ ပိုအားကောင်းလာပြီး ပိုမို ပြင်းပြထက်သန်လာသလို အမြင့်ဘောတွေမှာလည်း ပိုကောင်းလာတယ်။ ဒီပွဲမှာ သူဟာ ဘောလုံးပိုင်ဆိုင်မှု ၁၅ကြိမ် ပြန်ရယူနိုင်ခဲ့ပြီး ဒါက တကွင်းလုံးမှာ အများဆုံးပမာဏဖြစ်ပါတယ်။ ဘောလုံးထိချက် ၁၂၂ကြိမ်၊ ပေးပို့မှု ၇၄ ကြိမ်၊ ဖျက်ထုတ်မှု ၃ကြိမ် ရှိခဲ့ပြီး ဂိုးပေါက်ကန်သွင်းမှု ၃ကြိမ်လည်း လုပ်ခဲ့ပါတယ်။

ဒါဝင် နူညက်

ပရိသတ်တွေက ကွင်းထဲက ဘယ်လို အနေအထားမှာ မဆို သူ့ကို အားပေးခဲ့ကြပြီး ကွင်းထဲကနေ ထွက်သွားတော့ ပိုပြီးတော့တောင် အော်ဟစ်ခဲ့ကြပါတယ်။ သူက ပရိသတ်တွေရဲ့ အချစ်တော်ဖြစ်ပေမယ့် အသင်းမှာ ကောင်းကောင်းအံမဝင်သေးပါဘူး။ ဒါက တစ်လအတွင်း နူညက်ရဲ့ ပထမဆုံးအကြိမ် ပွဲထွက်ခွင့်ပါ။

နူညက်အနေနဲ့ ကစားသမားဘဝ နောက်တဆင့် မြှင့်တင်ဖို့အတွက်ဆိုရင် ဒီထက်ပိုပြီး တိုးတက်ဖို့ လိုအပ်လိမ့်မယ်ဆိုတာ ကလော့ပ် သိပါတယ်။ သူ့မှာ အလားအလာတော့ ရှိပြီးသားပါ။ ၁၅ဂိုးသွင်း၊ ဖန်တီးမှု ၅ကြိမ်၊ ဆာလာရဲ့ အနိုင်ဂိုးအတွက် သူ့ကြောင့် ပင်နယ်တီရခဲ့တာတွေကြောင့် ဆိုးရွားတဲ့ ပွဲဦးထွက်ရာသီလို့တော့ ပြောလို့မရပါဘူး။

နူညက်ရဲ့ လုပ်အားနှုန်း၊ စွဲမက်ဖွယ် ကစားပုံကြောင့် ပရိသတ်တွေရဲ့ ချစ်ခင်မှုကို ရရှိထားပြီးဖြစ်ပြီး သူ့ရဲ့ အရှိန်နဲ့ ကစားနိုင်ခြင်းကြာင့် ကလော့ပ်လက်အောက်မှာ နောက်ထပ် တိုးတက်လာနိုင်ပါတယ်။ ဒါပေမယ့် အခုထိတော့ သူဟာ လီဗာပူးရဲ့ အကောင်းဆုံး ၁၁ ယောက်စာရင်းထဲ မပါသေးပါဘူး။

အယ်လီဆန် ဘက်ကာ

လီဗာပူးဟာ အယ်လီဆန်ရဲ့ အခိုင်အမာ ရပ်တည်ပေးမှုကို နှစ်ကြိမ် လိုအပ်ခဲ့ပြီး ကားလို့ ဗီနီစီးယပ်ရဲ့ ခြိမ်းခြောက်မှု နှစ်ကြိမ်ကို သူကာကွယ်တားဆီးပေးခဲ့တာပါ။ ပထမတစ်ကြိမ်မှာ ဗီနီစီးယပ်ရဲ့ ကိုက် ၂၀ အကွာ ကန်ချက်ကို ခုန်ပြီးတော့ အဝေးကို ပုတ်ထုတ်ပြခဲ့သလို ဒုတိယပိုင်းမှာ ဖူလ်ဟမ်တိုက်စစ်မှူးရဲ့ ခြေထောက်နားထိ ရဲဝင့်စွာ တိုးဝင်ပြီးတော့ ဘောလုံးကို အမိဖမ်းခဲ့တာ ဖြစ်ပါတယ်။

အန်ဖီးက အဆင့်အတန်းတွေ ကျဆင်းနေခဲ့တဲ့ ရာသီအတွင်း လီဗာပူးရဲ့ နံပါတ် ၁ ကစားသမားကတော့ သူ့အရည်အသွေးကို ဆက်လက်ထိန်းထားခဲ့ပါတယ်။ သူသာ မရှိရင် ဒီရာသီ လီဗာပူးအသင်းက ဘယ်နေရာကိုများ ရောက်နေမလဲ မသိပါဘူး။