

လီဗာပူးအနေနဲ့ ဒီနွေရာသီမှာ အသင်းကို အလုံးစုံ ပြုပြင် ပြောင်းလဲဖို့ မလိုအပ်ဘူးလို့ မိုက်ကယ်အိုဝင်က ထင်မြင်နေပြီး ကလပ်ဟာ ယခင် အောင်မြင်မှု အဆင့်အတန်းတွေကို ပြန်လည်ရောက်ရှိဖို့ လူတွေထင်တာထက် ပိုပြီးတော့ နီးစပ်နေပြီလို့ ပြောဆိုခဲ့ပါတယ်။
အသင်းဟာ မနှစ်က ဖလားလေးလုံးရဖို့ နီးစပ်နေခဲ့ပြီး ချန်ပီယံလိဂ်နဲ့ ပရီးမီးယားလိဂ်တို့ကို နောက်ဆုံးကျမှ ကပ်လွဲသွားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီရာသီမှာတော့ ဘာဖလားမျှော်လင့်ချက်မှ မရှိတော့သလို ၂၀၁၅-၁၆ နောက်ပိုင်း ပထမဆုံးအကြိမ် ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်ရနိုင်ခြေတောင် ရှိနေပါတယ်။
ဒီနွေရာသီ ကွင်းလယ်မှာ အင်အားဖြည့်တင်းမှုတွေ လုပ်ဖို့ မျှော်လင့်ရတဲ့ လီဗာပူးဟာ ဆုဖလားတွေ စိန်ခေါ်နိုင်ဖို့အတွက် အသင်းကို ပြန်လည်တည်ဆောက်ဖို့ ကြိုးစားသွားမှာ ဖြစ်ပါတယ်။
နွေရာသီမှာ ခေါ်ယူမှုများစွာ လုပ်ပြီး လီဗာပူးကို အသစ် ပြန်တည်ဆောက်ဖို့ တိုက်တွန်းနေကြတာတွေနဲ့ ပတ်သက်ပြီး အိုဝင်က “ ကျွန်တော် တီဗီကြည့်ပြီးတော့ အော်မိတယ်။ ဆိုရှယ်မီဒီယာပေါ်မှာ ကြည့်ရသမျှက တော်တော်လေး ရူးချင်စရာကောင်းပါတယ်။
လွန်ခဲ့တဲ့လအနည်းငယ်က ဒီအသင်းဟာ လိဂ်ဖလား၊ အက်ဖ်အေဖလားရခဲ့တယ်။ ချန်ပီယံလိဂ်မှာ ပိုကောင်းတဲ့အသင်းဖြစ်ခဲ့တယ်။ ပရီးမီးယားလိဂ်ရဖို့ မိနစ် ၂၀ ပဲလိုတော့တဲ့အထိ နီးစပ်ခဲ့တယ်။ သမိုင်းဝင် ဖလားလေးလုံးအောင်မြင်မှုရဖို့၊ သမိုင်းတလျှောက် အအောင်မြင်ဆုံး အသင်းဖြစ်ဖို့၊ မိနစ်အနည်းငယ်နဲ့ ၁ပွဲ၊ ၂ပွဲလောက်ပဲ လိုခဲ့တာပါ။
လအနည်းငယ်လောက်ကြာတော့ သူတို့ရဲ့ အနည်းငယ် ဆိုးရွားတဲ့ စွမ်းဆောင်ရည်နဲ့၊ ခက်ခဲကြမ်းတမ်းနဲ့ ရာသီကိုကြုံရလို့ ‘အရာအားလုံးကို ဖျက်ဆီးပြီး အစကနေ ပြန်စဖို့’ ပြောလာကြတယ်။ ဘာတွေကို ဖျက်ဆီးချင်နေတာလဲ?။
နောက်ထပ် ဂိုးသမားခေါ်မှာလား။ သူတို့မှာ ကမ္ဘာ့အကောင်းဆုံး ဂိုးသမားရှိပြီးသား။ ကမ္ဘာ့အကောင်းဆုံး ဗဟိုနောက်ခံလူရှိပြီးသား။ ကမ္ဘာ့အကောင်းဆုံး အစွန် ကစားသမား ၂ယောက် ရှိပြီးသား။ သူတို့မှာ နည်းပြ၊ ကစးသမားတွေ၊ ဘုတ်အဖွဲ့၊ ပရိသတ်တွေ၊ အရာအားလုံးရှိပြီးသားပါ။
ကျွန်တော်တို့ဟာ တစ်နှစ်ပြီးတစ်နှစ် အောင်မြင်မှုတွေကို ထိန်းသိမ်းထားခဲ့တယ်။ ဒီလိုနေရာမျိုးရောက်ဖို့ ဘယ်လောက်အချိန်ယူရလဲ သိလား။ စပါးကိုကြည့်၊ မန်ချက်စတာ ယူနိုက်တက်ကိုကြည့်။ ဒီကလပ်တွေအားလုံးက နောက်ဆုံး ၁၀နှစ်လုံး လီဗာပူးလို နေရာမျိုး ရောက်လာဖို့ ကြိုးစားခဲ့ရတာ”လို့ အိုဝင်က ပြောကြားခဲ့တာ ဖြစ်ပါတယ်။