လီဗာပူးအသင်းဟာ မက်အယ်လစ္စတာကို ခေါ်ယူဖို့ ရေပန်းအစားဆုံး အသင်းဖြစ်လာပြီး ပြောင်းရွှေ့ကြေး ပေါင် သနး ၇၀ ဝန်းကျင်မှာ ရှိလိမ့်မယ်လို့ အင်္ဂလန် သတင်းဌာနတွေက ဖော်ပြနေပါတယ်။
မနက်က ဘရိုက်တန် ၁-၀ ယူနိုက်တက်ပွဲမှာ မက်အယ်လစ္စတာရဲ့ စွမ်းဆောင်ရည်နဲ့ အောင်ပွဲခံမှုကို ကြည့်ပြီး အသင်းထံ မရောက်ခင်တည်းက စိတ်ဓါတ်ကို ကြိုက်နေပြီလို့ လီဗာပူးပရိသတ်တွေက ချီးကျူးခဲ့ပါတယ်။
လီဗာပူးအသင်းဟာ မက်အယ်လစ္စတာကို ကလပ်ရဲ့ ဦးစားပေး ပစ်မှတ်အဖြစ် ရွေးချယ်ထားပြီဖြစ်ကာ သူ့နောက်မှာတော့ မေဆန်မောင့်နဲ့ ဂရာဗင်ဘက်ချ်တို့လို ကစားသမားတွေကို ချိန်ရွယ်ထားပါတယ်။
မက်အယ်လစ္စတာဟာ ရာသီကုန်မှာ အနာဂတ်ကိစ္စ ဆုံးဖြတ်မှာဖြစ်ပြီး လီဗာပူးဘက်က သူ့ကို စည်းရုံးနေပါတယ်။ ဘရိုက်တန်က ကစားသမားအတွက် ပြောင်းရွှေ့ကြေး တောင်းဆိုသွားဖို့ ရှိနေကာ စာချုပ်ပါ ကြေးတစ်ရပ် ပါဝင်လားဆိုတာကို ဘယ်ဘက်ကမှ အသံမထွက်လာပါဘူး။
ဒီနေ့ နေ့ခင်း ၁ နာရီခွဲမှာတော့ လီဗာပူးအသင်ဟာ လာမယ့်ရာသီ ဝတ်ဆင်ကစားမယ့် အိမ်ကွင်းဂျာစီကို ထုတ်ပြလာတော့မှာ ဖြစ်ပါတယ်။ အဆိုပါ ဂျာစီကို ဒီရာသီ ရာသီသိမ်းပွဲမှာ ဝတ်ဆင်မလားတော့ မသိရသေးပါဘူး။
နည်းပြကလော့ပ်နဲ့ အသင်းခေါင်းဆောင် ဟန်ဒါဆန်တို့က ရာသီကုန် လီဗာပူးအသင်း အဆင့် ၄ ဝင်နိုင်မလား မေးခွန်းကို မဖြစ်နိုင်သလောက်ပဲလို့ ပြတ်ပြတ်သားသား ငြင်းဆန်ခဲ့ကြပါတယ်။
ဘရိုက်တန်ကို ပြောင်းလာဖို့ မီလ်နာကို အဓိက စည်းရုံးနေသူက လယ်လာနာ ဖြစ်တယ်လို့ သိရပါတယ်။ မီလ်နာဟာ အနာဂတ်အတွက် အပြီးသတ် မဆုံးဖြတ်ရသေးပေမယ့်လို့ ဘရိုက်တန်ထံ ရောက်ဖို့ များနေပါတယ်။
ပရီးမီးယားလိဂ်ကလပ် စပါးအသင်းနဲ့ သတင်းကြီးနေတဲ့ အလွန်ဆိုက လေဗာကူဆင်အတွက်ပဲ အာရုံစိုက်နေတယ်လို့ ဆိုလာပါတယ်။ လက်ရှိ နည်းပြတာဝန် စတင်နေပြီဖြစ်တဲ့ အလွန်ဆိုဟာ ဥရောပရဲ့ အတောက်ပဆုံး လူငယ် နည်းပြတွေထဲက တစ်ဦးအဖြစ် နာမည်ရလာနေပါတယ်။
လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့် မရခဲ့ရင်တောင် လီဗာပူးအသင်းက ကလပ်ရဲ့ စီနီယာတွေကို လုပ်ခပိုင်း လျော့ချသွားမှာ မဟုတ်ဘူးလို့ သိရပါတယ်။
ဘော်တန်အသင်းထံ အငှားထွက်ကစားနေတဲ့ ကော်နာ ဘရတ်ဒလေက သူ့ကို နည်းပြအဖွဲ့က အမြဲတမ်း မျက်စိဒေါက်ထောက် ကြည့်နေကြောင်း ထုတ်ဖော်ခဲ့ပြီး နွေမှာ အသင်းနဲ့အတူ ပြန်ပူးပေါင်းဖို့ စောင့်မျှော်နေတယ်လို့ ဆိုပါတယ်။