ဘရိုက်တန်ဟာ ဒီရာသီကုန်ရင် အန်ဖီးနဲ့ စာချုပ်ကုန်တော့မယ့် အသက် ၃၇ နှစ်အရွယ် ကွင်းလယ်လူ မီလ်နာကို ခေါ်ယူသွားဖို့အတွက် ရေပန်းစားနေခဲ့ပါပြီ။
ပရီးမီးယားလိဂ် တန်းတက်ကလပ် ဘန်လေ၊ ဘရိုက်တန်နဲ့ နောက်ထပ် ပရီးမီးယားလိဂ်ကလပ် တစ်သင်းထံက စိတ်ဝင်စားခြင်း ခံထားရတဲ့ မီလ်နာဟာ ဒီရာသီ လီဗာပူးအသင်းအတွက် လူစားဝင် ကစားသမားအဖြစ်ပဲ ပွဲထွက်ပေးနေဆဲပါ။ သူဟာ အသင်းရဲ့ အဝတ်လဲခန်းအတွင်း အဓိက ခေါင်းဆောင် တစ်ဦးလည်း ဖြစ်ပါတယ်။
ဒါပေမယ့်လို့ ဒီရာသီ ကျဆုံးမှုတွေကြောင့် လီဗာပူးရဲ့ ကွင်းလယ်ဟာ ပြန်လည် တည်ဆောက်ဖို့ လိုအပ်လာခြင်းနဲ့အတူ ကလော့ပ်က မီလ်နာကို လက်လွတ်ခံရတော့မှာပါ။ အသင်းလက်မဲ့ဖြစ်လာမယ့် မီလ်နာကို ဘရိုက်တန်ထံ ပြောင်းဖို့ လယ်လာနာက ဦးဆောင် စည်းရုံးနေတာ ဖြစ်ပါတယ်။
လီဗာပူးမှာ ပရီးမီးယားလိဂ်ဖလား၊ ချန်ပီယံလိဂ်၊ အက်ဖ်အေ၊ ကာရာဘောင်း၊ ကလပ်ကမ္ဘာ့ဖလား၊ စူပါဖလားတို့ကို အောင်မြင်ခဲ့တဲ့ ဂန္တဝင်ကြီး မီလ်နာနေရာ အစားထိုးမှု ပြုလုပ်ဖို့ အသင်းဘက်က အစီအစဉ် ရှိပါတယ်။
မီလ်နာရဲ့ ခေါင်းဆောင်မှုကို အစားထိုးဖို့ မဟုတ်ဘဲ သူ့နေရာမှာ အင်္ဂလန် လူငယ် ကစားသမား တစ်ဦးအဖြစ် လူစာရင်း အစားထိုးဖို့ကို လီဗာပူးဘက်က ပလန်ချထားတယ်။ အဲ့အတွက် လက်တလော ရေပန်းစားနေသူက ဘာမင်ဂမ်စီးတီးမှ ဆယ်ကျော်သက် ကွင်းလယ်လူ ဂျော့ဟောဖြစ်ပါတယ်။
အသက် ၁၈ နှစ်ပဲ ရှိသေးတဲ့ အင်္ဂလန် ယူ-၁၉ ကစားသမားဟာ ဒီရာသီ ချန်ပီယံရှစ်မှာ ၁၃ ကြိမ် ပွဲထွက်မှုနဲ့အတူ ပြိုင်ပွဲစုံ ပွဲပေါင်း ၃၀ ကစားထားပါတယ်။ သူဟာ နေရာစုံမှာ ကစားသူဖြစ်ပြီး ကွင်းလယ်တိုက်စစ်၊ တောင်ပံနေရာတွေအပြင် ကွင်းလယ် အတွင်းလူနေရာမှာပါ အားသန်သူပါ။
လီဗာပူးအသင်းဟာ ဆယ်ကျော်သက် ကွင်းလယ်လူ တစ်ဦးကို ခေါ်ယူပြီး အနာဂတ်အတွက် ပျိုးထောင်မယ်လို့ သိထားရပြီး ချန်ပီယံရှစ် ဒါမှမဟုတ် အင်္ဂလန် ကြယ်ပွင့်တွေထဲက ဖြစ်လာဖွယ် ရှိနေပါတယ်။