

ဒါဝင် နူးညက်စ်ဟာ လီဗာပူး ၄-၁ ချယ်ဆီးပွဲမှာ တိုင် ၄ ကြိမ်ထိတိုင် ထိခဲ့ခြင်းကြောင့် တစ်ပွဲတည်းဖြင့် တိုင်ထိမှု အများဆုံး ပရီးမီးယားလိဂ် ကစားသမား ဖြစ်လာခဲ့ပါတယ်။
အန်ဖီးကွင်းမှာ လီဗာပူးအသင်းဟာ ပွဲကောင်းကစားခဲ့ပြီး ဂျိုတာ၊ ဘရတ်ဒလေ၊ ဆိုဘိုစလိုင်း၊ ဒီယက်စ်တို့ရဲ့ သွင်းဂိုးတွေဖြင့် ချယ်ဆီးအသင်းကို သက်သက်သာသာ အနိုင်ယူခဲ့တာပါ။
အကယ်လို့ ဒါဝင် နူးညက်စ်ရဲ့ ကန်ချက် တစ်ကြိမ်ကြိမ်လောက်က တိုင်နဲ့ ဘားတန်းတွေကို မထိဘဲ ဂိုး ဖြစ်ခဲ့မယ်ဆိုရင် လီဗာပူးအတွက် ပိုလွယ်ကူတဲ့ပွဲ ဖြစ်ခဲ့နိုင်ပါတယ်။ ဒါဝင်ရဲ့ ၁၂ ကိုက် အကွာက ပထမဆုံး ခြိမ်းခြောက်မှုတည်းက ဂိုးဘားတန်း ထိခဲ့ခြင်းဖြစ်ပါတယ်။
ဒါ့အပြင် ဧရိယာထဲ ဘယ်ခြမ်းကနေ ကန်သွင်းမှု တစ်ကြိမ် ချယ်ဆီးဂိုးသမား ပုပ်ထုတ်ရာက တိုင်ထိခဲ့တယ်။ ပထမပိုင်း ပြီးခါနီး ရလာတဲ့ ပင်နယ်တီကိုလည်း ကန်သွင်းရာမှာ တူညီတဲ့ တိုင်ပဲ ထပ်ထိခဲ့သလို ဒုတိယပိုင်း အပိုင် ပြေးဝင် ခေါင်းတိုက်ရာမှာ ဘားတန်းထိခဲ့ပါတယ်။
Darwin Núñez is the first player to hit the woodwork four times in a Premier League game since Opta records began in 2003/04. 🤯 pic.twitter.com/GCJKUwAO5R
— Squawka (@Squawka) January 31, 2024
ဒါကြောင့်ပဲ ဒါဝင် နူးညက်စ်ဟာ Opta ကနေ ပရီးမီးယားလိဂ် မှတ်တမ်း စတင် ရယူတဲ့ ၂၀၀၃-၂၀၀၄ ဘောလုံးရာသီကစပြီး တစ်ပွဲတည်း တိုင် ၄ ကြိမ် ထိခဲ့တဲ့ ပထမဆုံး ပရီးမီးယားလိဂ် ကစားသမား အဖြစ် မှတ်တမ်းဝင်ခဲ့တာပါ။
ဒါဝင်ဟာ ဒီယက်စ်ရဲ့ အပိတ်ဂိုးအတွက်တော့ ထူးချွန်တဲ့ တိုက်စစ် နေရာယူမှု ဘောလုံး လုယူမှုက တစ်ဆင့် ဖန်တီးမှုပါ လုပ်ပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။
လီဗာပူးဂန္တဝင်ဖောင်လာကတော့ ‘ တိုက်စစ်သမား တစ်ယောက် အနေနဲ့ သူ ဂိုးတွေသွင်းတာ ကျနော် မြင်လိုပါတယ်။ သူက ကန်ချက် ၁၂ ကြိမ်လောက် လုပ်ခဲ့ပြီး ၄ ကြိမ်က တိုင်ထိခဲ့ပါတယ်။ သူ့ကို ကြည့်ရတာ ကိစ္စတိုင်းကို အလျင်လိုနေပါတယ် ’ လို့ သတိပေးသွားခဲ့တာ ဖြစ်ပါတယ်။