လီဗာပူးပရိသတ်တွေကို ဂိုဏ်ကွဲစေမယ့် ဘရတ်ဒလေ
ချယ်ဆီးကို အနိုင်ရတဲ့ပွဲမှာ ပွဲစဉ်ရဲ့ အကောင်းဆုံး ကစားသမားဆုကို ဘရတ်ဒလေက ရရှိပါတယ်။ ဒီပွဲမှာ ဘရတ်ဒလေဟာ ညာအစွန်လူ နေရာက ပါဝင်ကစားခဲ့ခြင်းဖြစ်ကာ တနည်းအားဖြင့် ဒဏ်ရာက ပြန်သက်သာလာတဲ့ ထရန့်နဲ့ နေရာလုတိုက်ပွဲ စတင်တော့မယ့် အရိပ် လက္ခဏာပဲ ဖြစ်ပါတယ်။
တိုက်စစ်ကို ပံ့ပိုးပေးနိုင်စွမ်း ရှိသလို ခံစစ်ပိုင်းအတွက်လည်း မျှတတဲ့ တာဝန်ယူနိုင်စွမ်း ရှိတဲ့ ဘရတ်ဒလေဟာ ဘောလုံး လုယူမှုတွေမှာ အဝင်အထွက်လည်း မှန်ကန်ပါတယ်။ သူဟာ ဖြတ်တင်ဘောတွေလည်း ပေးနိုင်စွမ်းရှိပါတယ်။
Conor Bradley take a bow son!
— Jamie Carragher (@Carra23) January 31, 2024
နောက်ဆုံး ကစားထားတဲ့ ၄ ပွဲမှာ ဂိုးထောက်ပံ့မှု ၅ ကြိမ် လုပ်ထားနိုင်တဲ့ သူ့ကို ညာအစွန်မှာ ဆက်ထားပြီး ထရန့်ကို ကွင်းလယ်ပို့ဖို့ဆိုတဲ့ တောင်းဆိုသံတွေက ခပ်တိုးတိုး ထွက်ပေါ်နေတဲ့ အဆင့်တင် မဟုတ်တော့ပါဘူး။
လောလွန်းတဲ့ ဒါဝင်
ဒါဝင် နူးညက်စ်ဟာ Opta ကနေ ပရီးမီးယားလိဂ် မှတ်တမ်း စတင် ရယူတဲ့ ၂၀၀၃-၂၀၀၄ ဘောလုံးရာသီကစပြီး တစ်ပွဲတည်း တိုင် ၄ ကြိမ် ထိခဲ့တဲ့ ပထမဆုံး ပရီးမီးယားလိဂ် ကစားသမား အဖြစ် မနက်က ချယ်ဆီးကို ရင်ဆိုင်တဲ့ပွဲမှာ မှတ်တမ်းဝင်ခဲ့တာပါ။
ဒါဝင်ဟာ တက်ကြွတယ်၊ ပြေးနှုန်းရှိတယ်၊ ခံစစ်သမားတွေကြား နေရာယူနိုင်တယ်၊ နေရာလွတ်ရှာပေးနိုင်တယ်။ သူ့မှာ အရည်အချင်းတွေက အများကြီးပါပဲ။ ဒါပေမယ့် ချယ်ဆီးပွဲမှာတော့ သူရဲ့ ဂိုးကန်သွင်းတဲ့ ပုံစံတွေဟာ သွေးဆူလွန်းပြီး အလျင်စလို နိုင်လွန်းပါတယ်။
တကယ်တမ်း သူ နည်းနည်းလေး စိတ်အေးအေး ကစားခဲ့ရင် သွင်းဂိုး ၁ ဂိုးလောက်တော့ ရနိုင်ခဲ့သင့်တာပါ။ ပင်နယ်တီကို လွဲချော်ခဲ့တာမျိုးကတော့ သူ့ပုခုံးပေါ် ဖိအားတွေ တိုးသွားစေပါတယ်။ ဒီပွဲမှာ ဆာလာ မပါသေးပေမယ့် ဒါဝင်၊ ဂျိုတာ၊ ဒီယက်စ်ကြား တွဲဘက် ကစားနိုင်စွမ်းက ကောင်းမွန်နေဆဲပါ။
VAR ဆုံးဖြတ်ချက်အချို့
ဘောလုံးဝေဖန်ရေးသမားတွေကာ့ ကွင်းလယ်ဒိုင်ဟာ ဒီပွဲမှာ လုံလောက်စွာ မရဲရင့်ခဲ့ဘူးလို့ မှတ်ချက်ပေးကြပါတယ်။ ဂါလယ်ဂါရဲ့ ဖြစ်ရပ် ပင်နယ်တီ မပေးတာကိုပဲ ထောက်ပြနေပေမယ့် ချယ်ဆီး ကစားသမား ခပ်လွယ်လွယ် လဲချခဲ့တယ်လို့လည်း တုန့်ပြန်ဝေဖန်လို့ရပါတယ်။
လီဗာပူးဘက်ကကြည့်မယ် ဆိုရင် ဒီရာသီ မကြာခဏ ရတဲ့ အကြောင်းပြချက်လိုပါပဲ။ ဒိုင်လူကြီးဟာ ရှင်းလင်းမှု မရှိတဲ့ မပြတ်သားတဲ့ ဖြစ်ရပ်တွေကို ပြစ်ဒဏ် မပေးခဲ့ဘူးလို့ပဲ သုံးနှုန်းလို့ရပါတယ်။
နံပါတ် ၆ သမား ပီသလာတဲ့ မာကာ
Alexis Mac Allister vs. Chelsea
91% Pass accuracy
2/2 Accurate long passes
1 Chance created
1/1 Dribble completed
11/18 Duels won
8/10 Tackles won
4 RecoveriesIt has been a while since anyone complained about Mac Allister's ability to play the 6. Another superb performance. pic.twitter.com/ccB1gKWa9c
— The Tactical Times (@Tactical_Times) January 31, 2024
ရာသီစတုန်းက အန်ဇို ဖာနန်ဒက်စ်ဟာ လီဗာပူးကွင်းလယ်ကို ဖြိုခွင်းနိုင်မှုအတွက် ချီးကျူးခံခဲ့ရပါတယ်။ ဒီပွဲမှာတော့ ချယ်ဆီးတို့ ပေါင် သန်း ၂၂၀ သုံးထားတဲ့ အန်ဇိုနဲ့ ကိုင်ဆီဒိုတို့ရဲ့ ကွင်းလယ်ဟာ မာကာရဲ့ ထိန်းချုပ်မှုအောက်မှာ လှုပ်လှုပ်ရှားရှားတောင် မတတ်နိုင်ခဲ့ပါဘူး။
ဒီပွဲဟာ မာကာရဲ့ ထိန်းချုပ်မှုအောက်မှာပဲ အပြည့်အဝ ရှိနေခဲ့တဲ့ ပွဲပါ။ ကွင်းလယ်ကနေ မာကာ တန်ပို အတင်အချ လုပ်ပေးသွားတာ၊ သူ့ရဲ့ ကောင်းမွန်တဲ့ ဘောလုံးအမြင်နဲ့ ဘောလုံးလမ်းကြောင်းတွေ ရှာဖွေပေးသွားတာတွေက သိပ်ကို အရေးကြီးခဲ့ပါတယ်။
ဖိုင်နယ်ပြီးရင်း ဖိုင်နယ်
ဝင်ဘာလေက ကာရာဘောင်းဖိုင်နယ်ပွဲ မတိုင်ခင် အားစမ်းမှုကိုတော့ လီဗာပူးအသင်း အသာရခဲ့ပါပြီ။ ဒါပေမယ့် ဖိုင်နယ်ပွဲတွေက တစ်ပွဲတည်း မဟုတ်ပါဘူး။ အာဆင်နယ်ကို ရင်ဆိုင်ရမယ့် ပရီးမီးယားလိဂ်ပွဲကလည်း ဖိုင်နယ်ပါပဲ။
လီဗာပူးအသင်းနဲ့ အသင်းသားတွေဟာ ယာဂင်ကလော့ပ်ကို အခမ်းနားဆုံး ပုံစံဖြင့်ပဲ နှုတ်ဆက်လိုပြီး နည်းပြတစ်ယောက်အတွက် အမြင့်ဆုံး အဆင့်အတန်းဟာ ဆုဖလား ကိုင်မြှောက်နိုင်ခြင်းပဲ ဖြစ်ပါလိမ့်မယ်။