NEWS: လီဗာပူးအသင်းရဲ့ အဓိက ပစ်မှတ် မန်နေဂျာ ၂ ဦးကို ဝင်လုမယ့် ကလပ်တွေ ပေါ်လာပြီ

လီဗာပူးအသင်းဟာ ယာဂင်ကလော့ပ် နေရာ အစားထိုးဖို့ နည်းပြလောင်း ရှာဖွေရာမှာ ပန်းခင်းလမ်းကို လျှောက်ရမှာ မဟုတ်ကြောင်း တယ်လီဂရပ်ရဲ့ ဖော်ပြချက်အရ သိလာရပါပြီ။

အနည်းဆုံး နည်းပြ ၅ ဦးကို အသင်းမူကြမ်းနဲ့ ကိုက်ညီမှု ရှိမလားလို့ လီဗာပူးအသင်းရဲ့ ဒေတာဌာနက စတင် စိစစ်နေပါပြီ။ ဒါပေမယ့် အဓိက ပစ်မှတ် ၂ ဦးလို့ နာမည်ထွက်ထားတဲ့ အလွန်ဆိုနဲ့ ဒီဇာဘီတို့ကို ရနိုင်ဖို့ ဥရောပ ထိပ်တန်းကလပ်တွေနဲ့ ယှဉ်ပြိုင်ရပါမယ်။

ဒီနွေမှာ ထိပ်တန်းနည်းပြ အရှာထွက်မယ့် ကလပ်ဟာ လီဗာပူး တစ်သင်းတည်း မဟုတ်နိုင်ဘဲ ဘိုင်ယန်မြူးနစ်၊ ဘာစီလိုနာ၊ မန်ချက်စတာ ယူနိုက်တက်တို့ ပါဝင်လာနိုင်ပါတယ်။ ဒါကြောင့် ဥရောပ ရှေ့ဆောင် ကလပ် ၄ သင်းလောက်ဟာ အလားအလာရှိ နည်းပြတွေကို အပြိုင် ချိတ်ဆက်ရတော့မှာပါ။

ဘိုင်ယန်မြူးနစ်ဟာ နည်းပြတူချယ်ကို သဘောမကျဖြစ်နေတာကြောင့် နွေမှာ အပြောင်းအလဲ ပြုလုပ်လိုနေကာ အလွန်ဆိုကို ထိပ်တန်း ပစ်မှတ်အဖြစ် ချိန်ရွယ်လာပါတယ်။

မန်ချက်စတာ ယူနိုက်တက်ကလည်း တန်ဟက်နဲ့ လမ်းခွဲခဲ့မယ်ဆိုရင် အစားထိုးဖို့ ဒီဇာဘီကို ချိန်ရွယ်နေပြီး အီတလီသားဟာ ဘာစီလိုနာရဲ့ ပစ်မှတ် တစ်ခုလည်း ဖြစ်နေပါတယ်။

အလွန်ဆိုနဲ့ ဒီဇာဘီတို့ဟာ သက်ဆိုင်ရာ ကလပ်တွေကနေ သေချာပေါက် ထွက်ခွာမယ်ဆိုတဲ့ အာမခံချက်မျိုး မရှိပါဘူး။ နွေမှာ မန်နေဂျာလောကထဲ ပြန်ဝင်လာနိုင်သူတွေထဲမှာတော့ နာဂယ်စမန်း၊ မော်ရင်ညို၊ ဂရေဟမ် ပေါ်တာတို့လည်း ပါဝင်နေပါတယ်။

ပဲလေစ့်ကလည်း ရွိုင်ဟော့ဆန် နေရာမှာ မန်နေဂျာသစ် ထည့်သွင်းဖို့ ချိန်ရွယ်နေတာကြောင့် ကလပ်အများအပြားဟာ ဒီနွေမှာ ထိပ်တန်းမန်နေဂျာ ရှာဖွေမှုတွေ အပြိုင်အဆိုင် လုပ်လာကြလိမ့်မယ်လို့ သိရတာ ဖြစ်ပါတယ်။