ချယ်ဆီးပွဲ နောက်ဆုံး မိနစ်တွေအတွင်း ဒူး ထိခိုက်ခဲ့တဲ့ မာကာရဲ့ အခြေအနေ ကလော့ပ် ပြောပြလာ

ချယ်ဆီးကို အနိုင်ရတဲ့ပွဲမှာ မာကာဟာ ပွဲချိန်ပြည့် ကစားခဲ့ပေမယ့် နောက်ဆုံး မိနစ်တွေမှာ ပြိုင်ဘက် ကစားသမား ကာဆာဒီနဲ့ ကွင်းလယ်မှာ ခပ်ပြင်းပြင်း တိုက်မိရာက ဒူးမှာ နာကျင်ခဲ့ဟန် ရှိပါတယ်။

မာကာဟာ မကြာသေးခင်ကပဲ ဒူးဒဏ်ရာကြောင့် အနားယူနေခဲ့ရတာ အသင်းရဲ့ ပြိုင်ပွဲစုံ ၅ ပွဲထိကို လွဲချော်ထားတာမို့ သူ့ရဲ့ အခြေအနေကို ပရိသတ်တွေက စိတ်ပူနေကြပါတယ်။

လူစားလဲမှု ၅ ခုလုံး သုံးထားပြီဖြစ်လို့ မာကာကို လူစားလဲခြင်းတော့ မလုပ်ခဲ့ပါဘူး။ ကွင်းထဲကို ပြန်ဝင်လာတဲ့ မာကာဟာ အဲ့ဖြစ်ရပ် နောက်ပိုင်း ပြေးလွှား ကစားခဲ့ခြင်း မရှိဘဲ ကွင်းလယ်မှာ ဘောလုံးဖြန့်ဝေသူအဖြစ်ပဲ တာဝန်ယူခဲ့ပါတယ်။

ပွဲအပြီးမှာ နည်းပြကလော့ပ်ကတော့ မာကာရဲ့ ဒဏ်ရာက မပြင်းထန်ပါဘူးလို့ ဖြေဆိုပေးပါတယ်။

ကလော့ပ်ကပဲ “ မာကာ ဒူး ဒူးချင်း တိုက်မိတာပါ။ အဲ့တာက ဒဏ်ရာကြီး မဟုတ်ပါဘူး။ ဆေးအဖွဲ့က ဘယ်သူမှလဲ အခုချိန်ထိ မာကာ အခြေအနေ စိုးရိမ်ရတယ် လာမပြောသေးပါဘူး ” လို့ ဆိုပါတယ်။

ဒီပွဲမှာ ချယ်ဆီးတို့ ပေါင် သန်း ၂၂၀ သုံးထားတဲ့ အန်ဇိုနဲ့ ကိုင်ဆီဒိုတို့ရဲ့ ကွင်းလယ်ဟာ မာကာရဲ့ ထိန်းချုပ်မှုအောက်မှာ လှုပ်လှုပ်ရှားရှားတောင် မတတ်နိုင်ခဲ့ပါဘူး။ ဒီပွဲဟာ မာကာရဲ့ ထိန်းချုပ်မှုအောက်မှာပဲ အပြည့်အဝ ရှိနေခဲ့တဲ့ ပွဲပါ။

ကွင်းလယ်ကနေ မာကာ တန်ပို အတင်အချ လုပ်ပေးသွားတာ၊ သူ့ရဲ့ ကောင်းမွန်တဲ့ ဘောလုံးအမြင်နဲ့ ဘောလုံးလမ်းကြောင်းတွေ ရှာဖွေပေးသွားတာတွေက သိပ်ကို အရေးကြီးခဲ့တာဖြစ်ပါတယ်။