

နည်းပြကလော့ပ်ဟာ လီဗာပူးကနေ ထွက်ခွာပြီးရင် အနားယူဖို့ စပိန်နိုင်ငံ မာယော့ကာက ကျွန်းတစ်ခုမှာ မိသားစု အိမ်ဂေဟာ တစ်ခုကို ပေါင် ၃.၄ သန်း အကုန်အကျခံ ဖန်တီးထားပါတယ်။
ဒီအိမ်ဟာ နည်းပြဘဝ အနားယူချိန်မှာ နေထိုင်ဖို့ ကလော့ပ် ကြိုတင် စီစဉ်ထားတာ ဖြစ်ပေမယ့် လီဗာပူးကနေ နှုတ်ထွက်ပြီး ၁ ရာသီ အနားယူနေမယ့် အခိုက်အတန့်ကို အဆိုပါ အိမ်မှာပဲ အချိန်ကုန်ဆုံးမယ် မှန်းဆရပါတယ်။
အထူးပြင်ဆင်မှုတွေပါ လုပ်ထားတဲ့ အဆိုပါအိမ်ကို နည်းပြကလော့ပ်တို့ ဇနီးမောင်နှံက ၂၀၂၂ ခုနှစ်မှာ ဝယ်ယူထားခဲ့တာ ဖြစ်ပါတယ်။ နည်းပြကလော့ပ်တို့ စိတ်ကြိုက် ပြင်ဆင်ခဲ့ကာ စွမ်းအင် သုံးစွဲမှု နည်းပါးအောင်လည်း စီစဉ်ထားတယ်လို့ သိရပါတယ်။
စတုရန်းမီတာ ၅၀၀၀ ကျယ်ဝန်းတဲ့ အဆိုပါ အိမ်ကိုတော့ ဆွစ်လူမျိုး အနုပညာရှင် တစ်ဦးထံက ဝယ်ယူခဲ့ကာ ကလောပ်ရဲ့ ဇနီး အူဘာက အများကြီး ပြန်လည် ပြုပြင်ထားပါတယ်။
အထူးသဖြင့် အပူနဲ့ လေထုပိုင်းတွေကို ကွန်ပြူတာ စနစ်နဲ့ပါ ထိန်းချုပ်လို့ရအောင်ထိ စီမံထားတယ်လို့ သိရပါတယ်။ ဒါဟာ လျှပ်စစ်ဓါတ်အား သုံးစွဲမှုကို ၇၅% ထိ လျော့ချဖို့လည်း ရည်ရွယ်ပါတယ်။
ကလော့ပ်ဟာ စပိန်ကိုရောက်တိုင်း သူ့နေအိမ်အနီးက ဟိုတယ်မှာပဲ တည်းလေ့ရှိပေမယ့် ဒီနွေမှာတော့ အိမ်ပြုပြင်နေမှုဟာ အပြီးသတ်နိုင်မှာမို့ ဇနီးနဲ့အတူ အိမ်သစ်မှာ ပြောင်းရွှေ့ နေထိုင်သွားမယ်လို့ သိရပါတယ်။
ကလော့ပ်ဟာ ယခင်တည်းက ရာသီဥတု ကောင်းမွန်တဲ့ စပိန်ဘက်ကို နှစ်သက်သူပါ။ ဒါပေမယ့် ဒီတစ်ကြိမ် စပိန်မှာ အခြေချဖို့ ရွေးချယ်ခြင်းကြောင့် အနာဂတ်မှာ နည်းပြကလော့ပ်ရဲ့ အသင်းသစ်က လာလီဂါကလပ် တစ်သင်းသင်း ဖြစ်လာမလားက စိတ်ဝင်စားစရာပဲ ဖြစ်ပါတယ်။