ပရီးမီးယားလိဂ်မှာ မန်စီးတီးတို့ ရလဒ်တွေ ဆက်တိုက် ကောင်းနေပေမယ့် ပြိုင်ဘက် လီဗာပူးကလည်း ရှုံးမယ့် အရိပ်အယောင်ကို မမြင်ရတော့ဘူးလို့ ဂွာဒီယိုလာက ထုတ်ပြောလာပါတယ်။
မန်စီးတီးဟာ လီဗာပူးထက် ၅ မှတ် လျော့နည်းနေပေမယ့် ၁ ပွဲ လျော့ ကစားထားတာပါ။ ဒီရာသီကုန်ထိမှာ လီဗာပူး vs အာဆင်နယ်၊ လီဗာပူး vs မန်စီးတီး၊ မန်စီးတီး vs အာဆင်နယ် ဆိုတဲ့ ပွဲကြီး ပွဲကောင်း ၃ ပွဲ ကျန်ရှိနေပါသေးတယ်။
ဖလားပြိုင်ဆိုင်မှုဟာ ဒီ ၃ သင်းကြားမှာပဲ ရှိနေတာ မဟုတ်ပေမယ့် အတည်ငြိမ်ဆုံး အသင်းကပဲ ရာသီကုန်ရင် အောင်မြင်လိမ့်မယ်ဆိုတာ စီးတီးနည်းပြက နားလည်ပါတယ်။
ဂွာဒီယိုလာက ” ကျနော်တို့အသင်း နိုင်ပွဲတွေ ဆက်နေချိန်မှာ လီဗာပူးလည်း ရမှတ်တွေ မဆုံးရှုံးတော့ဘူး ဆိုတဲ့ ခံစားချက်မျိုး ကျနော်တို့ ရနေပါတယ်။ အခုဆို သူတို့က ပွဲတိုင်းကို လွယ်လွယ်ကူကူပဲ နိုင်နေတယ်။ ဒီတော့ သူတို့နဲ့ ယှဉ်ပြိုင်ဖို့ ကျနော်တို့ အသင့်ဖြစ်နေရပါမယ်။
ကစားသမားတွေလည်း ဒါကို သိပါတယ်။ ဘောလုံးရာသီကုန်ထိ ကျနော်တို့တွေ တွန်းအားပေးမှာပါ။ ကျနော်တို့လည်း သူတို့လို နိုင်ပွဲတွေ လွယ်လွယ်ယူနိုင်အောင် ကြိုးစားမှာပါ။
Wins for each of the top four, and Liverpool once again have a five-point lead at the top of the table! pic.twitter.com/NG7d3Cjh3A
— Premier League (@premierleague) January 31, 2024
ဖလားပြိုင်ဆိုင်မှာက ၃ သင်းထဲ မဟုတ်ပါဘူး။ အာဆင်နယ်ကလည်း ပွဲတွေကို ပိုထိန်းချုပ်လာတယ်။ လီဗာပူးကကျ ပွဲတိုင်းမှာ ပြိုင်ဘက်တွေထက်ကို ပိုကောင်းနေတယ်။ သူတို့တွေက သန်မာတယ် ဆိုပေမယ့် ကျနော်တို့ကလည်း ဖလား စိန်ခေါ်နေတဲ့ အသင်းပါ။
အခုမှ ဖေဖော်ဝါရီပဲ ရှိပါသေးတယ်။ ပွဲတွေ အများကြီး ကစားရဦးမယ်။ အထူးသဖြင့် ဒီ လီဗာပူးအသင်းနဲ့ ကျနော်တို့ ပြိုင်လာတာ ၈ နှစ်လောက် ရှိနေပါပြီ။ အာဆင်နယ်ကလည်း အာတီတာ လက်အောက်မှာ အထိုင်ကျလာတယ်။
ဒီအသင်းတွေက ရှုံးပွဲတွေ သိပ်ရှိမှာ မဟုတ်ဘဲ ရမှတ် ဆုံးရှုံးတာတွေ မရှိသလောက် ဖြစ်လာပါမယ်။ ဒါကြောင့် ကျနော်တို့ကလည်း ရာသီကုန်ထိ နိုင်ပွဲတွေ တတ်နိုင်သလောက် ယူဖို့ လိုအပ်ပါမယ် ” လို့ ပြောဆိုသွားတာ ဖြစ်ပါတယ်။