ကလော့ပ် နေရာ အစားထိုးဖို့ လီဗာပူးအသင်း ခေါ်ယူသင့်တဲ့ နည်းပြနာမည်ကို ကာရေဂါ ထုတ်ပြော

လီဗာပူးအသင်းဟာ နည်းပြကလော့ပ် နေရာ အစားထိုးဖို့ များစွာသော နည်းပြတွေကို စတင် စိစစ် ရွေးချယ်နေပြီး ရာသီကုန်မှာ တရားဝင် ချဉ်းကပ်မှု ပြုလုပ်သွားဖို့ ရှိနေပါတယ်။

အလွန်ဆို၊ ဒီဇာဘီ၊ အာမိုရင်း၊ ပိုစတီဂိုကလူ၊ သောမက်စ် ဖရန့်အပြင် သောမက်စ် တူချယ်၊ နာဂယ်စမန်း၊ ကွန်တီအစရှိတဲ့ နည်းပြတွေကလည်း လီဗာပူးရဲ့ စောင့်ကြည့်မှုတွေထဲ ပါဝင်နေတာပါ။

လီဗာပူး ဂန္တဝင် တစ်ဦးဖြစ်တဲ့ ကာရေဂါကတော့ ၂၀၁၅ တုန်းက နည်းပြကလော့ပ်နဲ့ နည်းပြအန်ဆယ်လော့တီကြားမှာ ဝါတွေ သမ္ဘာတွေထက် ခံစားချက်ဖြင့် သူ ရွေးချယ်ခဲ့သလိုပဲ ဒီနွေမှာ ဘယ်သူ နည်းပြသစ် ဖြစ်လာသင့်လဲ ဆိုတာကို ခံစားချက်ဖြင့် ရွေးချယ်လာခဲ့ပါတယ်။

ကာရေဂါကတော့ ‘ လူတိုင်းက လီဗာပူးမှာ ရှေ့ဆက်ရမယ့် ပလန် ရှိနေမယ်လို့ ခံစားနေရတယ်။ ကျနော်အတွက်ကတော့ လီဗာပူးမှာ ကလော့ပ် နေရာ အစားဝင်လာသင့်သူက ဇာဗီ အလွန်ဆိုပဲ ဖြစ်ပါတယ်။

သူက အုပ်ချုပ်မှုပိုင်းမှာ အတွေ့အကြုံ နည်းပါးနေပါသေးတယ်၊ သူက ပွဲပေါင်း ၆၀-၇၀ လောက်ပဲ ကိုင်တွယ်ထားပါသေးတယ်။ ဒါပေမယ့် သူက လီဗာပူး ကစားသမားဟောင်း ဖြစ်ယုံတင် မကပါဘူး။ ကစားသမားဟောင်း တစ်ယောက် အနေနဲ့ လေးစားမှုတွေ ပိုင်ဆိုင်ထားသူပါ။

ဒီ ၁၈ လအတွင်း လေဗာကူဆင်မှာ သူလုပ်ပြနေတာကလည်း မယုံနိုင်စရာ ကောင်းပါတယ်။ သူ အဲ့ကို စရောက်တုန်းက တန်းဆင်းဇုန်နားမှာ ဖြစ်ပါတယ်။ သူက မနှစ်တုန်းက ချန်ပီယံလိဂ်ဝင်ခွင့် ရလုနီးပါး ကြိုးစား ထမ်းတင်ပေးခဲ့တယ်။

လေဗာကူဆင်နဲ့အတူ ယူရိုပါ ကွန်းဖရန့်လိဂ်မှာ ဆီမီးဖိုင်နယ် အဆင့်ထံ ရောက်ခဲ့ပါတယ်။ ဒီရာသီမှာတော့ သူတို့ဟာ ဘွန်ဒက်လီဂါနဲ့ ယူရိုပါလိဂ်တွေကို ဦးဆောင်နေခဲ့ပါတယ်။

သူဟာ ကာလိုစ့် အန်ဆယ်လော့တီ၊ ရာဖာ ဘင်နီတက်စ်၊ ဟိုဆေး မော်ရင်ညို၊ ပက် ဂွာဒီယိုလာ အစရှိတဲ့ နည်းပြတွေ လက်အောက်မှာ ဘောလုံးကစားခဲ့သူ ဖြစ်ပါတယ်။ သူဟာ လီဗာပူးအသင်းကို ဝင်လာတာနဲ့ ပရိသတ်တွေရဲ့ အားပေး ထောက်ခံမှုကို တခါတည်း တန်းရမယ့်သူပါ ’ လို့ ထင်မြင်ချက်ပေးတာ ဖြစ်ပါတယ်။