NEWS: အာဆင်နယ်ပွဲမှာ ဒါဝင် နူးညက်စ် ဒဏ်ရာကြောင့် ပါဝင်ဖို့ မသေချာ။

ချယ်ဆီးပွဲမှာ ဒါဝင် နူးညက်စ်ဟာ အသေးစား ဒဏ်ရာ ရရှိခဲ့ပြီး အာဆင်နယ်ပွဲမှာ ပါဝင်ပေးဖို့ အချိန်မှီ သက်သာပါ့မလား မသေချာပါဘူး။

အာဆင်နယ်ပွဲကြို မီဒီယာတွေ့ဆုံမှုမှာ နည်းပြကလော့ပ်ကပဲ ဒါဝင်ရဲ့ ခြေထောက် နာကျင်နေတာမို့ ဘောလုံးကန်ဖိနပ် မစီးနိုင်သေးဘူးလို့ အတည်ပြုလာပါတယ်။

နည်းပြကလော့ပ်က “ ဇာတ်လမ်း နည်းနည်းရှိနေပါတယ်။ အာဆင်နယ်ပွဲမှာ ဒါဝင် ပါနိုင်မလား မသေချာသေးပါဘူး။ သူ့ခြေထောက်ကို တစ်ယောက်ယောက်က တက်နင်းခဲ့ပုံရပါတယ်။

ပွဲအပြီးမှာ ဒါဝင်ရဲ့ ခြေထောက်က အတော်လေး နာနေပါတယ်။ သူက ပွဲအပြီးမှာ ဖိနပ်တောင် ချွတ်ထားခဲ့ရတယ်။ ခြေထောက်မှာ တစ်ခုခုဖြစ်နေတာကို သူ သိခဲ့ပါတယ်။

ကွင်းထဲကနေ ဘောလုံးကန်ဖိနပ် မဟုတ်တဲ့ ဖိနပ်စီးပြီး သူထွက်သွားခဲ့ရတယ်။ ခြေချောင်း ကျိုးတာမျိုးတော့ မရှိပါဘူး။ ဒဏ်ရာကို X ray ရိုက်ကြည့်ပြီးပါပြီ။

ဒါပေမယ့် သူ ဖိနပ် ပြန်စီးနိုင်မလား ကျနော်တို့ စောင့်ကြည့်ဖို့ လိုပါတယ်။ ဒါမျိုးက အချိန်ယူရမယ်ဆိုတာ ကျနော်တို့ သိပါတယ်။ မနက်ဖြန် မနက်ထိ သူ့ကို လေ့ကျင့်ရေးမှာ မြင်ရမှာ မဟုတ်ပါဘူး ” လို့ ပြောသွားပါတယ်။

မိုဆာလာရဲ့ ဒဏ်ရာကလည်း အာဆင်နယ်ပွဲမှာ ပါဝင်ကစားပေးဖို့ အဆင်မပြေသေးတာမို့ လီဗာပူးအသင်း တိုက်စစ်ဟာ ရွေးချယ်စရာ နည်းပါးလာဖို့ ရှိနေပါတယ်။