စပို့တင်းနည်းပြ ရူဘန် အာမိုရင်းဟာ ယာဂင်ကလော့ပ်နေရာ အစားဝင်လာနိုင်သူ အဖြစ် သတင်းကြီးတွေ ထွက်ပေါ်ထားသူပါ။
လီဗာပူးအသင်းဟာ ဇာဗီ အလွန်ဆို၊ ဒီဇာဘီတို့ကို ကလပ်ရဲ့ မန်နေဂျာသစ် ရာထူးအတွက် စောင့်ကြည့်နေသလို ဥရောပရဲ့ အလားအလာရှိ လူငယ်နည်းပြအဖြစ် တောက်ပလာတဲ့ အာမိုရင်းကိုလည်း စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။
ရူဘန်အာမိုရင်းဟာ ပေါ်တူဂီကလပ် စပို့တင်းအသင်းရဲ့ နည်းပြဖြစ်ပြီး ၂၀၂၂ မှာ စတင် တာဝန်ယူခဲ့ခြင်း ဖြစ်ပါတယ်။ အသက် ၃၉ နှစ်ပဲ ရှိသေးကာ သူ့လက်ထက်မှာ စပို့တင်းရဲ့ တိုးတက်မှုဟာ အတော်လေး လူပြောများလာနေပါတယ်။
သို့ပေမယ့်လည်း စပို့တင်းရဲ့ ပြည်တွင်းလိဂ် အခြေအနေတွေကြောင့် လီဗာပူးအသင်းက ပေါ်တူဂီသားကို နှစ်သက်ရင်တောင် ရာသီမကုန်ခင်ထိ ချဉ်းကပ်ခွင့်ရမှာ မဟုတ်တော့ပါဘူး။
ပေါ်တူဂီနည်းပြက “ ကျနော်တို့ ဆုဖလား တစ်ခုခု အနိုင်မရရင်ကို ကျနော် ကိုယ့်ဘာသာ ရာထူးကနေ နှုတ်ထွက်မှာပါ။ ၂ နှစ်ဆက်တိုက် ဆုဖလား အောင်မြင်ခြင်း မရှိတာမျိုးက စပို့တင်းလို အသင်းအတွက် လက်မခံနိုင်စရာပဲ ” လို့ ဆိုခဲ့တာပါ။
၎င်းကတော့ လီဗာပူးအသင်းနဲ့ စကားပြောဖို့ကို လက်တလော ဦးစားပေးခြင်း မရှိဘဲ စပို့တင်းအတွက်ပဲ အာရုံစိုက်လိုနေပါတယ်။ ပေါ်တူဂီလိဂ်မှာ စပို့တင်းနဲ့ ဘင်ဖီကာတို့က ရမှတ် ၁ မှတ်အကွာနဲ့ အပြိုင်အဆိုင် ဖြစ်နေကြတာ ဖြစ်ပါတယ်။
သူ့ရဲ့ အေးဂျင့်ကိုလည်း ကမ်းလှမ်းမှု တစ်ခုမှ လက်ခံ စကားပြောတာမျိုး မလုပ်ဖို့ အသိပေးထားတယ်လို့ ပေါ်တူဂီသတင်းဌာန Record က ဖော်ပြသွားပါတယ်။