လီဗာပူးအတွက် ပွဲပေါင်း ၂၀ ပွဲထွက်ပေးရာမှာ ၁၇ ပွဲကို ကွင်းလယ်ခံစစ်သမား အဖြစ် ကစားပေးထားတဲ့ မာကာကတော့ သူ့ရဲ့ လက်ရှိ နေရာကို သဘောကျတယ်လို့ ထုတ်ပြောလာပါတယ်။
မာကာဟာ ကွင်းလယ် နံပါတ် ၆ ကနေ အဓိက ကစားနေခြင်းဖြစ်ကာ ဒီနောက်ပိုင်းမှာ သူဟာ လီဗာပူးကွင်းလယ်အတွက်တင် မဟုတ်ဘဲ အသင်းကစားကွက်ရဲ့ ပင်မ ကျောရိုး ဖြစ်လာနေခဲ့ပါတယ်။
ကလော့ပ် ဖန်တီးပေးထားတဲ့ ကွင်းလယ် နံပါတ် ၆ နေရာမှာ မာကာဟာ ပြိုင်ဘက် ကစားကွက်ကို ဖျက်ဆီးရသူ တာဝန်တင် မဟုတ်ဘဲ အသင်း ကစားဟန် တိုးတက်ဖို့ရာ ကွင်းထဲမှာ အခရာကျသူ ဖြစ်လာနေတယ်။ ယာဂင်ကလော့ပ်ကတော့ မာကာကို ‘football doctor’ လို့တောင် နာမည်ပြောင် ပေးထားပါတယ်။
ရာသီစတုန်းက အသင်းကို ရောက်လာချိန်မှာ နံပါတ် ၆ နေရာ ကစားရမယ် မဟုတ်ခဲ့ဘဲ အခြေအနေအရ ဒီနေရာကနေ ပါဝင်လာရတာကိုတော့ မာကာက ဝန်ခံပါတယ်။
” ကျနော်ကစားနေတဲ့ ကွင်းလယ်အတွင်းလူနေရာ ကစားမယ်တော့ မဟုတ်ဘူးပေါ့။ ဒါပေမယ့် ရာသီစတုန်းက ကျနော်တို့မှာ နံပါတ် ၆ သမားစစ်စစ် မရှိတော့ အပြောင်းအလဲတွေ ဖြစ်လာခဲ့တယ်။ ယာဂင်က အဲ့လိုသုံးရမှာကို ကြိုက်တယ်။ ဒီတော့ ကျနော်ကလည်း အသင်းကို ကူညီဖို့ အကောင်းဆုံး ကြိုးစားရတာပေါ့။
အခု ကျနော် ကစားနေတဲ့ ပုံစံကို ကြိုက်ပါတယ်။ အသင်းဖော်တွေကို ကူညီရတာ၊ သူတို့ လိုအပ်တဲ့ ကာကွယ်မှုတွေ ပေးရတာကို ကျနော် ကြိုက်တယ်။ အခု ကျနော် ကစားနေတဲ့ နေရာက ခံစစ်ပိုင်း တာဝန်ယူရမှု ကိစ္စတွေ ပိုများပါတယ်။
ဒါပေမယ့် တချိန်တည်းမှာ ဒီနေရာကနေ ကျနော် ဘောလုံး အများကြီး ကိုင်ကစားရတယ်။ ကျနော် သဘောကျနေပါပြီ။ အစောပိုင်းမှာ ပရိသတ်တွေက ကျနော် ကစားရတဲ့ နေရာကို သဘောမကျကြတာကို ကျနော် သိပါတယ်။
ဒါပေမယ့် အခု ကစားနေတဲ့ ကွင်းလယ်နေရာကို ကျနော် အတော်လေး ကြိုက်နေပါတယ်။ အကောင်းဆုံးလည်း ကစားနေတယ်လို့ ကျနော် ထင်မိပါတယ် ” လို့ မာကာက ပြောပါတယ်။
Alexis Mac Allister for Liverpool vs. Chelsea:
◉ Most touches (95)
◉ Most accurate passes (64)
◉ Most duels won (11)
◉ Most final third entries (11)
◉ Most tackles (8)Showing his class in a Liverpool shirt. #LIVCHE pic.twitter.com/yOROGF586d
— Squawka Live (@Squawka_Live) January 31, 2024
မာကာဟာ အာဂျင်တီးနားအသင်းမှာ ကွင်းလယ် နှစ်ဦးတွဲ ပုံစံဖြင့် ကစားရတာဖြစ်ကာ လီဗာပူးမှာလည်း ထရန့်နဲ့တွဲပြီး တူညီတဲ့ ပုံစံမျိုး ကစားနေပါတယ်။ ဒါပေမယ့် အများစုကတော့ မာကာဟာ နံပါတ် ၆ သမား ဆိုတာထက် ဘောလုံးနဲ့အတူ တိုက်စစ်ပိုလိုက်ရတဲ့ နံပါတ် ၈ သမားပဲ ဖြစ်သင့်တယ်လို့ မြင်ပါတယ်။
မာကာက ရှင်းပြရာမှာ ” အဲ့ ၂ နေရာက မတူပါဘူး။ ပုံမှန် နံပါတ် ၈ သမားတွေက ဘောလုံးကို ပိုသယ်ပေးရတယ်၊ တိုက်စစ်ပိုလိုက်ရတယ်ပေါ့။ အတွင်းထဲ ဝင်ကစားတာကျ တချို့နေရာတွေမှာ နည်းနည်းလေး ပိုလွယ်တာမျိုး ရှိပါတယ်။ ဘာလို့လဲဆိုတော့ နေရာလွတ်နဲ့ ဘောလုံးကိုင်ချိန် ပိုရတတ်ပါတယ်။
ဒါပေမယ့် ဒါတွေက ကိုယ့်ရဲ့ ပွဲအပေါ် နားလည်နိုင်စွမ်းနဲ့လည်း ဆိုင်ပါသေးတယ်။ အသင်းဖော်တွေက ကျနော်ကို ကူညီကြတော့ အတွင်းထဲ ဝင်ကစားရတာဟာ လွယ်ကူခဲ့ပါတယ် ” လို့ ရှင်းပြသွားတာ ဖြစ်ပါတယ်။