လီဗာပူးပရိသတ်တွေအတွက် ဆယ်စုနှစ်အတွင်း စိတ်လှုပ်ရှားစရာ အကောင်းဆုံး ရှိုးဖြစ်လာစေမယ့် ‘The Last Dance’

ဒီရာသီ ဖလား ၄ လုံး ပြိုင်ဆိုင်မှုမှာ ပါဝင် ယှဉ်ပြိုင်နေတဲ့ လီဗာပူးအသင်းရဲ့ ဘောလုံးရာသီဟာ အမြင့်ဆုံး အခြေအနေမှာပဲ ကင်မရာတွေနဲ့အတူ မှတ်တမ်းတင်မှု လုပ်ဆောင်လာခဲ့ပါပြီ။

အသင်းကစားသမား အချို့နဲ့ ဝန်ထမ်းအချို့က လက်ရှိ ကလပ်ရဲ့ ပရိုဂရမ်ကို ‘The Last Dance’ လို့ အမည်ပေးနေကြပါတယ်။

ဒါဟာ ကမ္ဘာကျော် ဘက်စကတ်ဘောသမား Michael Jordan ရဲ့ နောက်ဆုံး ဘက်စကတ်ဘော ရာသီကို ‘The Last Dance’ လို့ နာမည်ပေး ရိုက်ကူးခဲ့တဲ့ Netflix စီးရီးကို မှီးငြမ်း ခေါ်ယူနေခြင်းဖြစ်ပြီး အတည်ပြုနာမည် မဟုတ်သေးပါဘူး။

လီဗာပူးရဲ့ ‘The Last Dance’ က ဘာလဲ?

၂၀၂၃ နိုဝင်ဘာမှာ နည်းပြကလော့ပ်က ရာသီကုန်ရင် လီဗာပူးအသင်းကနေ နှုတ်ထွက်တော့မယ်လို့ ကလပ် အကြီးအကဲတွေကို အသိပေးခဲ့ပါတယ်။ ကလပ်ကို ၉ နှစ်ကျော်ကြာ ကိုင်တွယ်လာတဲ့ ဂန္တဝင်နည်းပြရဲ့ နောက်ဆုံး နေ့ရက်တွေကို မှတ်တမ်းတင်ဖို့ လီဗာပူးအသင်း ဒီဂျစ်တယ်ဌာနက ဆုံးဖြတ်ခဲ့ပါတယ်။

ဒီနောက်ပိုင်း ထိပ်တန်းအသင်းကြီးတွေကို တောင်းဆိုမှုများတဲ့ ရုပ်ရှင်စီးရီး တစ်ခု ရိုက်ကူးဖို့ ကလပ်က အကြံရလာခဲ့ပါတယ်။ Wrexham လို အသင်းတောင် မှတ်တမ်းရုပ်ရှင် ရိုက်ကူးခဲ့ချိန်မှာ လီဗာပူးအသင်းကလည်း စီးရီးတစ်ခု ထွက်ဖို့က အတော်လေး တောင်းဆိုမှု ကြီးမားလှပါတယ်။

မှတ်တမ်းရုပ်ရှင်တွေ ရိုက်ကူးတယ်ဆိုတာ ပြောသလောက် လွယ်ကူနေတာမျိုး မဟုတ်ပါဘူး။ အပိုင်း ၁ ပိုင်းအတွက် ထုတ်လုပ်မှု စရိတ်က ပေါင် ၁ သန်းလောက် ကျသင့်ပါတယ်။ ဒါပေမယ့် ဒီစီးရီးတွေဟာ ဘောလုံးအသင်းရဲ့ ကြီးမားကျယ်ပြန့်မှုကို အဝေးကြီးထိ ဖြန့်ထုတ်နိုင်စေပါတယ်။

လီဗာပူးအသင်းဟာ Lorton Entertainment နဲ့ ပူးပေါင်းပြီး များစွာသော ရိုက်ကူးရေး ပညာရှင်တွေကို အသင်းရဲ့ နေ့စဉ် လုပ်ငန်း ဆောင်တာတွေမှာ ပူးပေါင်းခွင့် ပေးခဲ့ပါတယ်။ စီးရီးကိုတော့ အပိုင်း ၈ ပိုင်း ရိုက်ကူးမှာဖြစ်ပါတယ်။

ကမ္ဘာအနှံ့က ဘောလုံးပရိသတ်တွေကို ဒီစီးရီး ဘယ်လို ပြသမလဲဆိုတာက မေးခွန်းတစ်ခုပါ။ ဒီနေ့ခေတ်မှာ အရမ်း ခက်ခဲတဲ့ မေးခွန်းမျိုးလည်း မဟုတ်ပါဘူး။ အသင်းဟာ အခပေး ချန်နယ်တွေဖြစ်တဲ့ Netflix, Amazon, Disney+ တို့နဲ့ စကားပြောခဲ့ပါတယ်။

ထွက်ပေါ်လာမယ့် သဘောတူညီမှုဟာ ကုန်ကျထားတဲ့ ထုတ်လုပ်မှု စရိတ်တွေကို ပြန်ရစေပါလိမ့်မယ်။

ထုတ်လွင့်မယ့် ရုပ်သံနဲ့ အချိန်

လက်ရှိမှာတော့ Disney+ က ရေပန်းအစားဆုံးဖြစ်ပေမယ့် Netflix, Amazon ကလည်း လီဗာပူးစီးရီးကို ဝယ်ယူလိုနေပါတယ်။ ဒီစီးရီးကို ၂၀၂၄ ဩဂုတ်လမှာ ထုတ်လွှင့်သွားမှာ ဖြစ်ပါတယ်။

စီးရီး ရိုက်ကူးရာမှာ နည်းပြကလော့ပ်နဲ့ အသင်းသားတွေ ကြိုတင် သဘောတူထားတဲ့ ဧရိယာတွေမှာပဲ ကင်မရာတွေကို တပ်ဆင်ထားမှာပါ။ အခုချိန်ထိတော့ အဝတ်လဲခန်းတွင်း ဖြစ်ရပ်တွေကို ပြသမှာလား? မပြသဘူးလား သေချာ မသိရသေးပေမယ့် အကန့်အသတ် ရှိမယ်လို့ သိထားရပါတယ်။

စီးရီးရဲ့ ပုံစံကတော့ အခြားအသင်းတွေလို အဝတ်လဲခန်းထဲက ဒေါသတွေ၊ အောင်မြင်မှုတွေကို အသားမပေးဘဲ နေ့စဉ် လီဗာပူးဘောလုံးအသင်း ကျော်ဖြတ်ရတဲ့ လုပ်ငန်းစဉ်တွေကို အသားပေးပါလိမ့်မယ်။ အထူးအင်တာဗျူးတွေ၊ ကစားသမားတွေရဲ့ ပွဲနေ့ဆိုင်ရာ ပရိုဂရမ်တွေလည်း ပါဝင်မှာဖြစ်ပါတယ်။

စီးရီးရိုက်ကူးမှုကို ခရစ္စမတ်ကာလ မတိုင်ခင်မှာ စတင်ထားခဲ့ကာ စာချုပ်ကိစ္စအတွက် အသင်းနဲ့ Lorton ဘက်က ညိနှိုင်းနေပြီး ဇန်နဝါရီမှာ တရားဝင် လက်မှတ်ထိုးခဲ့ကြပါတယ်။ ရိုက်ကူးရေးသမားတွေဟာ ရာသီကုန်ထိ လီဗာပူးအသင်းမှာ အသင်း ဝန်ထမ်းတွေနဲ့ အတူရှိနေပါမယ်။

လီဗာပူးအသင်းရဲ့ ဒီဂျစ်တယ် အကြီးအကဲက ဒီစီးရီး ရိုက်ကူးဖို့ကို အရမ်း ရင်ခုန်နေပါတယ်။ လီဗာပူးလို့ ကြီးမားတဲ့ ဘောလုံးပရိသတ်ထုရှိတဲ့ အသင်းတစ်သင်းအတွက် ဒီလို စီးရီး ပေါ်ပေါက်လာဖို့ တောင်းဆိုအားက သိပ်ကောင်းပါတယ်။

ဒါပေမယ့် နည်းပြကလော့ပ်က သူ့ရဲ့ အဝတ်လဲခန်းတွင်း ကိုင်တွယ်မှုကို ဗီဒီယို ရိုက်ကူးတာမျိုး မကြိုက်ပါဘူး။ ဒါကို ၂၀၁၉ တုန်းက ကလော့ပ် ကိုယ်တိုင် ထုတ်ပြောခဲ့ပြီးပါပြီ။

ဒါကြောင့်ပဲ အသင်းကနေ ကလော့ပ် ထွက်မယ်လို့ အတည်ပြုနိုင်တဲ့ နိုဝင်ဘာလ နောက်ပိုင်းမှာ ကလပ်အကြီးအကဲတွေနဲ့ ကလော့ပ်တို့ ဒီရိုက်ကူးမှုအကြောင်း စကားပြောကြည့်ခဲ့ကြပါတယ်။ ကလော့ပ်က ရိုက်ကူးဖို့ ခွင့်ပြုခဲ့ရာက ခရစ္စမတ် မတိုင်ခင်မှာ စီးရီးအတွက် ပြင်ဆင်ဖို့ ဖြစ်လာခဲ့ပါတယ်။

ကလော့ပ်က သူ့ဆုံးဖြတ်ချက်ကို တရားဝင် မကြေညာသေးဖို့ တောင်းဆိုခြင်းကြောင့် စီးရီး ရိုက်ကူးမယ့် သတင်းတွေ အရင် ထွက်ပေါ်လာခဲ့ပြီး နောက်ပိုင်းမှ ကလော့ပ် ထွက်ခွာမယ့် သတင်း ထွက်ပေါ်လာခဲ့တာပါ။

ကလော့ပ် ဘာကြောင့် သဘောတူခဲ့လဲ

နည်းပြကလော့ပ်က သူဟာ လီဗာပူးအသင်းရဲ့ သမိုင်းဝင် ကာလတစ်ခုမှာ ပါဝင် ပတ်သက်နေရသူ ဆိုတာကို နားလည်ထားပါတယ်။ ဒါကြောင့်ပဲ ဒီသမိုင်းဝင် ကာလအား ပရိသတ်တွေကို မျှဝေခွင့်ပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါပေမယ့် သူ ကန့်သတ်ထားတဲ့ ဘောင်တွေအောက်မှာပဲ စီးရီးကို ရိုက်ကူးခွင့်ရမှာပါ။

အခုချိန်ထိတော့ အဝတ်လဲခန်းထဲကို ကင်မရာတပ်ခွင့်မျိုး နည်းပြကလော့ပ် ခွင့်ပြု မပြုကတော့ မသိရသေးပါဘူး။ သတင်းတွေအရတော့ သိပ်မပါနိုင်ဘူးလို့ပဲ သိရပါတယ်။

လီဗာပူးအသင်းက မှတ်တမ်းစီးရီး ရိုက်ကူးဖူးလား

၂၀၁၂ တုန်းက Channel 5 ကနေ လီဗာပူးအသင်းရဲ့ အပိုင်း ၆ ပိုင်းပါ မီနီ စီးရီးတိုလေး ထွက်ဖူးပါတယ်။ အဆိုပါ စီးရီးက ကင်နီရဲ့ ခေတ် အဆုံးသတ်ချိန်နဲ့ ဘရန်ဒန်ရော်ဂျာ ခေတ်တစ်ခု အစပျိုးချိန်ကို ကိုယ်စားပြုပါတယ်။

စတီဗင်ဂျရတ်ရဲ့ မှတ်တမ်း ရုပ်ရှင်လည်း ထွက်ပေါ်လာဖူးပါတယ်။