ဒါဝင်ကို ပွဲစတည်းက မထည့်တာဟာ လီဗာပူးကို ပေးဆပ်မှု ကြီးမားစေခဲ့သလား မေးခံရမှု ကလော့ပ် တုန့်ပြန်

အာဆင်နယ်ကို ရင်ဆိုင်ကစားတဲ့ပွဲမှာ နည်းပြကလော့ပ်ဟာ ဒါဝင် နူးညက်စ်ကို အရန်စာရင်းမှာပဲ ထည့်ထားခဲ့ပါတယ်။

ချယ်ဆီးပွဲမှာ ခြေထောက်နင်းခံထားရလို့ ဒါဝင်မှာ အသေးစား ဒဏ်ရာ ရှိနေတာပါ။ သူ့အစား ဂက်ပိုကို တိုက်စစ်မှာ တင်ကစားခဲ့ပေမယ့် နယ်သာလန်သားဟာ ဒါဝင် နူးညက်စ်လို့ အရှိန်၊ ပေါက်ကွဲအားဖြင့် ပြိုင်ဘက် ခံစစ်ကြောင်းကို ခွဲထုတ်ပြီး နေရာလွတ် ရှာပေးနိုင်စွမ်း အားနည်းခဲ့ပါတယ်။

လီဗာပူးအသင်းဟာ ဒါဝင်ရဲ့ တိုးအားကို အာဆင်နယ်ပွဲမှာ လိုအပ်နေခဲ့တာလားလို့ မေးခံရချိန်မှာတော့ “ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဒီပွဲရဲ့ ပြဿနာက ဒါဝင်ကို ပွဲထွက်ကနေ မထည့်ခဲ့လို့တော့ မဟုတ်ပါဘူး ” လို့ နည်းပြကလော့ပ်က ဆိုပါတယ်။

အာဆင်နယ်ကို ရင်ဆိုင်ရာမှာ လီဗာပူး ညာခြမ်းက အတော်လေးကို အလုပ်မဖြစ်ခဲ့ပါဘူး။ ဆိုဘိုစလိုင် မပါဝင်နိုင်ချိန် ဂရာဗင်ဘက်ချ်ကို ကွင်းလယ်မှာ ထည့်ခဲ့ပြီး ထရန့်၊ ဂက်ပိုတို့နဲ့ တွဲပေးရာမှာ ပုံမှန် ခြိမ်းခြောက်နိုင်စွမ်းမျိုး မမြင်ခဲ့ရတာပါ။

နည်းပြကတော့ “ ကျနော်တို့ ဘောလုံး ကောင်းကောင်းမကစားနိုင်ခဲ့တာပါ။ ညာခြမ်း ၃ ယောက်တွဲက လုံးဝ အသစ်လိုဖြစ်နေခဲ့တယ်။ ပွဲထဲ လုံလုံလောက်လောက် ပါဝင်နိုင်ခြင်း မရှိဘူး။

ထရန့်ကိုလည်း အလိုရှိသလို မသုံးနိုင်ခဲ့ပါဘူး။ ကျနော်တို့ သူ့ကို တောင်ပံကို ပိုထွက်စေချင်ခဲ့ပါတယ်။

ပွဲမစခင်ကတော့ အလုပ်ဖြစ်မယ်လို့ ထင်တဲ့ ကိစ္စတွေ အများကြီးကို စဉ်းစား တွက်ချက်ခဲ့တာဖြစ်ပေမယ့် ဒီပွဲမှာ တကယ်တမ်း အလုပ်မဖြစ်ခဲ့ပါဘူး ” လို့ ဆက်လက် ပြောဆိုခဲ့ပါတယ်။

ဒုတိယပိုင်းမှာ ဒါဝင် လူစားဝင်လာတဲ့နောက် လီဗာပူး ကစားပုံ မဆိုးလှပေမယ့် ဂိုးရဖို့တော့ မလွယ်ကူခဲ့ပါဘူး။ ခံစစ်မှာ ဗန်ဒိုက်နဲ့ အယ်လီဆန်တို့ အမှားတွေ လုပ်ခဲ့မိရာက အသင်းရဲ့ စွမ်းဆောင်ရည် ကျဆင်းသွားခဲ့တာ ဖြစ်ပါတယ်။