ယာယာကို ခေါ်ယူမည် မဟုတ်၊ ကိုင်ဆီဒိုအပေါ် သွေးအေးလာခြင်း၊ စျေးပိုတောင်းရင် လက်မခံဘူးလို့ ကလော့ပ် ပြောခြင်းနဲ့ ဘရန့်ဖိုဒ့်ပွဲကြို လီဗာပူး သတင်းတိုများ

၂၀၂၃-၂၀၂၄ ဘောလုံးရာသီ လီဗာပူးရဲ့ အိမ်ကွင်းဂျာစီဟာ ဂန္တဝင်နည်းပြကြီး ဘီရှန်ကလေ နောက်ဆုံး ကိုင်တွယ်ခဲ့တဲ့ ဘောလုံးရာသီမှာ အသင်းရဲ့ ဝတ်ခဲ့တဲ့ ဂျာစီကို ဆင့်ပွှားထားခြင်း ဖြစ်ပါတယ်။ ဒီရာသီ နောက်ဆုံး အိမ်ကွင်းပွဲဖြစ်တဲ့ အက်စတွန်ဗီလာပွဲမှာ ဂျာစီသစ်ကို မိတ်ဆက်ပါမယ်။

ဒီနွေမှာ လီဗာပူးအသင်းက ကွင်းလယ်လူသစ်တွေ ခေါ်ယူသွားမှာဖြစ်ပေမယ့် ကလပ်တွေက ပြောင်းရွှေ့ကြေး လိုက်မြင့်မယ်ဆိုရင် ပစ်မှတ်တွေကိုလည်း ပြောင်းလဲ ချိန်ရွယ်မယ်လို့ ကလော့ပ်က ပြောပါတယ်။ အသင်းဟာ ကစားသမားတွေကို တန်ကြေးထက် ပိုပေးပြီး ခေါ်ယူမှာ မဟုတ်ပါဘူး။

လီဗာပူးအသင်းမှာ ကွင်းလယ် လိုအပ်ချက်တွေ ရှိနေတယ်ဆိုတာကို မြင်ထားတဲ့ ကလပ်တွေက သူတို့ ကစားသမားတွေကို စျေးပေါပေါနဲ့ ထုတ်မရောင်းပေးဘဲ စျေးတင်လိုကြတယ်လို့ သိရပါတယ်။

ဒီရာသီ လီဗာပူးအသင်း ကျဆင်းခဲ့ခြင်းဟာ ကာတစ်ဂျုံးရဲ့ အပြစ် မဟုတ်ကြောင်းနဲ့ သူဟာ ကံဆိုးလှတဲ့ ဒဏ်ရာကြောင့် ၄ လလောက် အနားယူခဲ့ရတာဖြစ်ပြီး နေရာပြန်ရလာချိန်မှာ တောက်ပတဲ့ အလားအလာကို ပြသနိုင်ခဲ့တယ်လို့ ကလော့ပ်က ပြောပါတယ်။

ဒီနွေမှာ ကလယ်ဟာနေရာ အစားထိုးဖို့ ဂိုးသမားတစ်ဦး ရှာမှာဖြစ်ပေမယ့် ဘရန့်ဖိုဒ့် ဂိုးသမား ဒေးဗစ်ယာယာကို လီဗာပူးအသင်း ကမ်းလှမ်းမှာ မဟုတ်ပါဘူး။ စပိန်သားကို ခေါ်ယူလိုရင် ပေါင် သန်း ၄၀ ပေးရမှာဖြစ်ပြီး ပုံမှန် ပွဲထွက်ခွင့်ပါ ပေးရမှာပါ။

ဘရိုက်တန် ကွင်းလယ်လူ ကိုင်ဆီဒိုဟာ လီဗာပူးရဲ့ ပစ်မှတ်စာရင်းထဲ ဦးစားပေး နေရာက ရှိထားခဲ့ပေမယ့် အခုချိန်မှာတော့ အသင်းအတွက် မက်အယ်လစ်စတာကပဲ ဦးစားပေး ဖြစ်ပါတယ်။

မန်စီးတီးဟာ သွေးနံ့ရသွားခဲ့ပြီဖြစ်ပြီး ရာသီကုန်ထိ နိုင်ပွဲ ဆက်တိုက်ယူမှာမို့ အာဆင်နယ်ကို ကျော်ဖြတ်ပြီး ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်လာလိမ့်မယ်လို့ ထရန့်က ခန့်မှန်းခဲ့ပါတယ်။

ဘရိုက်တန်ဘက်က မက်အယ်လစ်စတာအတွက် ပြောင်းရွှေ့ကြေး ပေါင် သန်း ၇၀ ရလိုသလို ကလပ်တွေ စျေးပြိုင် ကမ်းလှမ်းလာကြဖို့ မျှော်လင့်နေပါတယ်။ လီဗာပူးဘက်က ဘယ်လောက် ပမာဏ ပေးလိုသလဲ မသိရသေးပါဘူး။

အသင်းဟာ အခုထိ အဆင့် ၅ နေရာအတွက်တောင် မသေချာသေးဘူးဆိုကာ ထိပ်ဆုံး ၄ သင်းဝင်ခွင့် မျှော်လင့်ရေးကို ကလော့ပ်က ငြင်းဆန်ပါတယ်။