ကွင်းလယ်လူဟောင်း ဒီဒီဟာမန်းကတော့ ကလော့ပ်ရဲ့နေရာ ဆက်ဆံသူဟာ အလွန်ဆိုပဲ ဖြစ်လာသင့်တယ်လို့ ထောက်ခံမှု လုပ်လိုက်ပြီ ဖြစ်ပါတယ်။
ကစားသမားဟောင်းကြီးတွေကတော့ ကလော့ပ် ခေတ်လွန်မှာ ဖြစ်ပေါ်လာမယ့် ဖိအားကြီးတွေကို နားလည်နေကြပါတယ်။ ပရိသတ်တွေဟာ အောင်မြင်မှုကို အလျင်စလို တောင်းဆိုမှာဖြစ်ပြီး အလွန်ဆိုလို အသင်းနဲ့ ဆက်ဆံရေး တည်ဆောက်ခဲ့ဖူးသူမှပဲ ဒီဖိအားကို ကိုင်တွယ်နိုင်ဖွယ် ရှိပါတယ်။
ဒါပေမယ့်လို့ ဒါတွေဟာ မှန်းဆချက်တွေပဲဖြစ်ကာ ဘယ်သူက အကောင်းဆုံး နည်းပြဖြစ်လာမလဲ ဆိုတာကတော့ လီဗာပူးအသင်းရဲ့ နာမည်ကျော် ဒေတာဌာနက စိစစ် ရွေးချယ်မှာပဲ ဖြစ်ပါတယ်။
ဟာမန်းကတော့ “ လီဗာပူးမန်နေဂျာ နေရာကို တာဝန်ယူနိုင်မယ့်သူက အလွန်ဆို (ရှာဗီ) ပါပဲ။ သူ့ကို လီဗာပူးကလူတွေက ချစ်ကြတယ်၊ သူက ကောင်းမွန်တဲ့ ကစားသမားကောင်း ဖြစ်ခဲ့တယ်။ လေဗာကူဆင်မှာလည်း သိပ်ကို ထူးချွန်တာတွေ လုပ်ပြနေပါတယ်။ ” လို့ ထောက်ပြပါတယ်။
ဆက်ပြီးလည်း : ကလော့ပ် ထွက်ပြီးရင် ဖြစ်လာမှာတွေက သိပ်ကို အန္တရာယ် ကြီးမားပါတယ်။ မျှော်လင့်ချက်တွေကလည်း သိပ်ကို မြင့်မားနေမှာပါ။ ဒါပေမယ့် လီဗာပူးမှာက ကောင်းမွန်တဲ့ အသင်းရှိနေဦးမှာပါ။ ဒီအသင်းကို အတူတကွ စုစည်းနိုင်မယ်ဆိုရင် နောက်ရာသီမှာလည်း ပရီးမီးယားလိဂ်ကို ဆက်လက် စိန်ခေါ်နိုင်ပါဦးမယ်။
လူတွေက ဒီဇာဘီ၊ ပိုစတီဂိုကလူး အကြောင်းတွေ ပြောကြတယ်။ လီဗာပူးက အခြားအသင်းတွေနဲ့ မတူပါဘူး။ ဒီအသင်းက ဘယ်လိုအသင်းလဲ ဆိုတာ အလွန်ဆို သိပါတယ်။ ပရိသတ်တွေက သူ့ကို ချစ်ကြတယ်။
ကျနော်အတွက်တော့ အလွန်ဆိုက လီဗာပူးမန်နေဂျာ ဖြစ်လာသင့်ပါတယ်။ သူကကော လီဗာပူးအသင်းကို ကိုင်တွယ်လိုနေမလား ကျနော် မသေချာပါဘူး။
လီဗာပူးအသင်းဟာ စပယ်ရှယ်အသင်းဖြစ်ပြီး ကိုယ်ပိုင်ဟန်ရှိတဲ့ ကလပ်ဖြစ်ပါတယ်။ လီဗာပူးမှာ ကလော့ပ် အောင်မြင်ခဲ့တာဟာ ကစားသမားတွေ၊ ပရိသတ်တွေ၊ လီဗာပူးမြို့နဲ့ ဆက်ဆံရေးကောင်း တည်ဆောက်နိုင်တာကြောင့်ပါ။ ကလော့ပ်က လီဗာပူးမြို့ရဲ့ စိတ်ဓါတ်ပိုင်းကို ပြောင်းလဲပေးခဲ့ပါတယ် ” လို့ ရှင်းပြသွားပါတယ်။
အလွန်ဆိုဟာ ၂၀၀၅ မှာ လီဗာပူးအသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလား အောင်မြင်ဖူးကာ ကလပ်ရဲ့ ဂန္တဝင်တစ်ဦးအဖြစ် သတ်မှတ်ခံထားရသူပါ။ ဒါပေမယ့် အတွေ့အကြုံပိုင်း နည်းပါခြင်းကလည်း ထောက်ပြစရာ အချက်ဖြစ်နေခဲ့တာ ဖြစ်ပါတယ်။