NEWS: ဆိုဘိုစလိုင်ရဲ့ ဒဏ်ရာက ဟန်ဂေရီ သတင်းတွေ ဖော်ပြသလို ဖိုင်နယ်ပွဲ လွဲဖို့ထိ မပြင်းထန်

ဒေါမနစ် ဆိုဘိုစလိုင်ရဲ့ ဒဏ်ရာဟာ ဟန်ဂေရီ သတင်းဌာနတွေ ဖော်ပြနေသလို ၄ ပတ်ဝန်းကျင် အနားယူရမယ့် အခြေအနေထိ မဆိုးရွားဘူးလို့ သိရပါတယ်။

အာဆင်နယ်နဲ့ ယှဉ်ပြိုင်ကစားတဲ့ ပရီးမီးယားလိဂ် ပွဲမှာ ဆိုဘိုစလိုင် ဒဏ်ရာကြောင့် မပါဝင်နိုင်ခဲ့ပါဘူး။ ဒီရာသီ လီဗာပူးကွင်းလယ်မှာ အားကိုးရတဲ့ ကစားသမားဟာ ဒဏ်ရာဟောင်း ပြန်ထိခဲ့တာလို့ ယူဆရပါတယ်။

ဇန်နဝါရီတုန်းက နယူးကာဆယ်ကို ရင်ဆိုင်ကစားစဉ်မှာ ဆိုဘိုစလိုင် တံကောက်ကြော ဒဏ်ရာ ရရှိခဲ့တာပါ။ ချယ်ဆီးပွဲအပြီးမှာ တူညီတဲ့ နေရာကနေ ကွင်းလယ်လူ ပြန်လည် နာကျင်လာခြင်းကြောင့် အာဆင်နယ်ပွဲကို လွဲချော်ခဲ့ပါတယ်။

ကနဦး စစ်ဆေးချက်တွေကို ကိုးကားပြီး ဟန်ဂေရီသတင်းတွေမှာတော့ လက်ရွေးစင် အသင်းခေါင်းဆောင်ဟာ သီတင်းပတ် ၄ ပတ်လောက် အနားယူရမှာဖြစ်ကာ ကာရာဘောင်း ဖိုင်နယ်ပွဲကို လွဲချော်မယ်လို့ ဖော်ပြခဲ့ပါတယ်။

ဆိုဘိုစလိုင် လွဲချော်ဖွယ်ရှိနေတဲ့ ပွဲစဉ်များ

  • Burnley (H) – Premier League – February 10
  • Brentford (A) – Premier League – February 17
  • Luton (H) – Premier League – February 21
  • Chelsea (N) – Carabao Cup Final – February 25
  • Watford/Southampton (H) – FA Cup – February 28
  • Nottingham Forest (A) – Premier League – March 2

သို့ပေမယ့် ဗြိတိန်သတင်းဌာနတွေအတွက် ရေးသားပေးနေတဲ့ ဟန်ဂေရီ သတင်းထောက် Bence Bocsák ကတော့ ” ဆိုဘိုစလိုင်ရဲ့ ဒဏ်ရာဟာ ဟန်ဂေရီ သတင်းဌာနတွေ ဖော်ပြနေသလောက် မဆိုးရွားဘူးလို့ နားလည်ရပါတယ်။

လီဗာပူးအသင်းက ဆိုဘိုစလိုင် ပြန်သက်သာလာဖို့ကို ဂရုစိုက်ပေးနေပါတယ်။ ဒါပေမယ့် ကျနော် သိရသလောက်တော့ ၄ ပတ်လောက် နားရမယ်ဆိုတာ မဟုတ်ပါဘူး ” လို့ ဖော်ပြသွားခဲ့ပါတယ်။

အခုချိန်ထိတော့ ဆိုဘိုစလိုင်ရဲ့ ဒဏ်ရာနဲ့ ပတ်သက်ပြီး သေချာတဲ့ ထုတ်ပြောမှုကို ကလပ်ဘက်က လုပ်လာပေးခြင်း မရှိသေးတာ ဖြစ်ပါတယ်။