အရေးကြီး အခြေအနေ ရောက်နေတဲ့ ဆာလာနဲ့ ယူရို သန်း ၁၅၀ ဖြင့် ကမ်းလှမ်းမယ့် Al-Hilal

မိုဆာလာဟာ ဒဏ်ရာကနေ သက်သာလာဖို့ အပြင်းအထန် ကြိုးစားနေဆဲဖြစ်ကာ လာမယ့် ပရီးမီးယားလိဂ်ပွဲစဉ်တွေဖြစ်တဲ့ ဘန်လေ ဒါမှမဟုတ် ဘရန့်ဖိုဒ့်ပွဲမှာ ပြန်ကစားနိုင်ဖွယ် ရှိနေပါတယ်။

ချယ်ဆီးနဲ့ အာဆင်နယ်ပွဲတွေမှာ မိုဆာလာ မပါနိုင်ဘူးဆိုတာကို ကနဦးတည်းက သိထားရပြီး ဖြစ်ပါတယ်။ ဘန်လေပွဲအမှီ ပြန်သက်သာလာဖို့ မျှော်လင့်မှုတွေ ရှိနေပေမယ့် တံကောက်ကြော ဒဏ်ရာရထားတဲ့ ဆာလာကို အသင်းဘက်က စွန့်စား​ပြီး အသုံးပြုမှာ မဟုတ်ပါဘူး။

ဆာလာဟာ ပွဲပြန်ကစားနိုင်ရေး ကုစားမှု အရေးကြီး အခြေအနေကို ရောက်နေပါပြီ။ အက်ဆာလေ့ကျင့်ရေးမှာ အပြေးလေ့ကျင့်ရေး ပြန်လုပ်နေတာ ၁ ပတ်လောက် ရှိနေခဲ့ကာ ကြံ့ခိုင်မှုအတွက် gym မှာလည်း အရှိန်မြှင့် အားထုတ်နေပါတယ်။

မိုဟာ အိမ်မှာကော အသင်းလေ့ကျင့်ရေးတွေမှာပါ တစ်လှည့်စီ ဆက်လက် လေ့ကျင့်နေဆဲဖြစ်တယ်။ အသင်းရဲ့ ညာခြမ်းမှာ သူနဲ့ ဆိုဘိုစလိုင်တို့ မပါနိုင်တာက လီဗာပူးအသင်းအတွက် ထိခိုက်မှုကြီး ဖြစ်နေစေပါတယ်။

လီဗာပူးအသင်းနဲ့ ၂၀၂၅ ခုနှစ်ပဲ စာချုပ်ရှိထားတဲ့ မိုဆာလာကို အသင်းဘက်က စာချုပ်သစ်ပေးဖို့ မသေချာသေးပါဘူး။ ကလော့ပ် ထွက်ခွာဖို့ ဆုံးဖြတ်ခြင်းဟာ လီဗာပူး ကစားသမားတွေအပေါ် သက်ရောက်မှုတွေ ရှိလာနေပါတယ်။

လက်တလောမှာ ဆော်ဒီကလပ် Al-Hilal အသင်းက နေမာနေရာ အစားထိုးရေး မိုဆာလာကို ခေါ်ယူလိုနေပါတယ်။ ကနဦး ပြောင်းရွှေ့ကြေး ယူရို သန်း ၁၀၀ နဲ့ ထပ်တိုးကြေး ယူရို သန်း ၅၀ ပါဝင်တဲ့ ကမ်းလှမ်းချက်ကို ဒီနွေမှာ ပေးပို့မယ်လို့ အသံထွက်လာနေပါတယ်။