ရှုံးတာချင်းတူတူ လီဗာပူးအသင်းကို ဝေဖန်တာမျိုး မကြားမိလို့ တင်းနေတဲ့ ချယ်ဆီးနည်းပြ ပိုချက်တီနို

ချယ်ဆီးနည်းပြ ပိုချက်တီနိုကတော့ သူ့အသင်း ဖိအားတွေ ရင်ဆိုင်နေရသလောက် လီဗာပူးအသင်းကတော့ ဘာဝေဖန်မှုမှ မခံရဘူးလို့ ဒဲ့တိုး ဝေဖန်လာခဲ့ပါတယ်။

လီဗာပူးအသင်းဟာ ချယ်ဆီးအသင်းကို ဂိုးပြတ် အနိုင်ရပြီး ဆက်တိုက် ယှဉ်ပြိုင်ရတဲ့ အာဆင်နယ်ပွဲမှာတော့ ဂိုးပြတ် ရှုံးနိမ့်ခဲ့တာပါ။ နောက်ဆုံးပွဲကို အနိုင်မရခြင်းကြောင့် ပရီးမီးယားလိဂ်ကို ဦးဆောင်ခွင့်မှာ မန်စီးတီးအား အသာရနေခြင်းက မသေချာတော့ပါဘူး။

ဒါပေမယ့်လို့ လီဗာပူးအပေါ် သူတို့အသင်းလောက် ဖိအားတွေ မပေးကြတာဟာ မမျှတဘူးလို့ ချယ်ဆီးနည်းပြက ခံစားနေရပါတယ်။

ပိုချက်တီနိုကပဲ “ ကျနော်တို့ လူတွေမျှော်လင့်ထားသလို စွမ်းဆောင်ရည်မျိုး မပြသနိုင်ပါဘူး။ လက်တွေ့နဲ့ မျှော်လင့်ချက်တွေ ကွာခြားနေတာက တကယ်ကို ခက်ခဲပါတယ်။

လူတွေက စိတ်မရှည်ဖြစ်နေကြပါတယ်။ လီဗာပူးကို ရှုံးခဲ့တဲ့ ပွဲအပြီးမှာဆိုရင်.. အကြီးအကျယ်ကို ကျရှုံးနေပြီ၊ ချယ်ဆီးက အရမ်းကို ဆိုးရွားနေပြီ.. ဆိုတာမျိုး လူတိုင်းက ပြောကြတယ်။

အခု လီဗာပူး ရှုံးပြီလေ။ အာဆင်နယ်ကို ရင်ဆိုင်ပြီး သူတို့ ရှုံးသွားပြီ။ လီဗာပူးက ကျနော်တို့တုန်းကလို ရလဒ်မျိုး ထွက်ခဲ့တာဆိုပေမယ့် သူတို့ကိုကျ ဝေဖန်တာတွေ မကြားမိသလောက်ပါပဲ ” လို့ မှတ်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။

မကြာခင်မှာတော့ လီဗာပူးနဲ့ ချယ်ဆီးတို့ဟာ ကာရာဘောင်းဖလား ဖိုင်နယ်ပွဲမှာ ထိပ်တိုက်တွေ့ကြဦးမှာပါ။ ပိုချက်တီနိုက အဆိုပါပွဲအကြို လီဗာပူးအသင်းကလည်း တူညီတဲ့ ဖိအားတွေ ဝင်နေတာမျိုးကို မြင်လိုနေဟန် ရှိနေတာ ဖြစ်ပါတယ်။