အလွန်ဆို သတင်း ၂ ခု ထွက်ပေါ်၊ နိုဝင်ဘာတည်းကဆက်သွယ်ခဲ့ကြောင်းနဲ့ ပထမအကြိမ် ချိတ်ဆက်မှု မီးစိမ်းပြ မခံရ

ဒီကနေ့မှာတော့ အင်္ဂလန်ပြင်ပ သတင်းမီဒီယာတွေကနေ လီဗာပူးနဲ့ အလွန်ဆို အကြောင်း သတင်းထူး ဖော်ပြမှု ၂ ခု ထွက်ပေါ်နေပါတယ်။

ရာသီကုန်မှာ ယာဂင်ကလော့ပ် နေရာ အစားထိုးဖို့ လီဗာပူးအသင်း ကြိုးစားမယ့်သူ အဖြစ် ရေပန်းစားမှု ထိပ်ဆုံးမှာ လေဗာကူဆင်အသင်း နည်းပြ အလွန်ဆို ရှိနေပါတယ်။ စပိန်သားဟာ လီဗာပူးအသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလား အောင်မြင်ဖူးသူ ဖြစ်ပါတယ်။

နည်းပြကလော့ပ်က ရာသီကုန်မှာ ရာထူးက ထွက်ဖို့ စဉ်းစားတာက အသင်းကို ကိုင်တွယ်ဖို့ရာ ခွန်အား ကုန်ဆုံးသွားတာကြောင့်လို့ ထုတ်ပြောထားပါတယ်။

ပထမသတင်းကတော့ လီဗာပူးအသင်း တာဝန်ရှိသူတွေဟာ ကလော့ပ် ထွက်မယ်ဆိုတာ သူတို့ ကြိုသိခဲ့ပြီး လျှို့ဝှက်ထားပေးခဲ့တဲ့ ၂၀၂၃ နိုဝင်ဘာလတည်းက အလွန်ဆိုကို ပထမအကြိမ် ဆက်သွယ်မှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ဒါဟာ လွန်ခဲ့တဲ့ ၃ လတည်းက လီဗာပူးအသင်းဟာ ကလော့ပ် နေရာ အစားထိုးဖို့ စတင် ပြင်ဆင်နေခဲ့ပြီလို့ ဆိုလိုတာဖြစ်ပါတယ်။ အလွန်ဆိုကို ပထမအကြိမ် ချဉ်းကပ်မှုဟာ အသက် ၄၂ နှစ်အရွယ် နည်းပြအား ဒီနွေမှာ ခေါ်ယူလို့ရမလား အခြေအနေကို တီးခေါက်တာလို့ နားလည်လို့ ရပါတယ်။

ထွက်ပေါ်နေတဲ့ ဒုတိယ သတင်းကတော့ လီဗာပူးအသင်းထံက ဆက်သွယ်မှု တစ်ခုကို အလွန်ဆို လက်ခံရရှိခဲ့ပြီး သူကတော့ လေဗာကူဆင်အတွက်ပဲ လက်တလောမှာ စဉ်းစားလိုသေးကြောင်း တုန့်ပြန်ခဲ့တယ်လို့ သိရပါတယ်။

ဒီတုန့်ပြန်မှုဟာ လွန်ခဲ့တဲ့ ၃ လကလား ဒီလထဲမှာလား ဆိုတဲ့ တိကျတဲ့ အချိန်ကာလတော့ မပါဝင်ခဲ့ပါဘူး။

လေဗာကူဆင်အသင်းဟာ ဘွန်ဒက်လီဂါမှာ ရလဒ်တွေကောင်းနေပြီး အမှတ်ပေးဇယား ဦးဆောင်နေတာမို့ နည်းပြအလွန်ဆိုက ပြင်ပက ချိတ်ဆက်မှုတွေကြောင့် အာရုံနောက် မခံလိုတာ သဘာဝကျပါတယ်။

လီဗာပူးအသင်းက အလွန်ဆိုကို တရားဝင် ချိတ်ဆက်မှု ပြုလုပ်ရင်တောင် ရာသီကုန်ပိုင်းမှ ဖြစ်လာဖွယ် ရှိနေပြီး အသင်းရဲ့ လျာထားစာရင်းမှာ ဘရိုက်တန်နည်းပြ ဒီဇာဘီလည်း ပါဝင်နေတာ ဖြစ်ပါတယ်။