ပရီးမီးယားလိဂ် ခေတ်ဦးမှာ လီဗာပူးအသင်းဟာ နာမည်ကျော် လူငယ်မျိုးဆက်နဲ့အတူ အသင်းရဲ့ ကျဆုံးခန်းကို ပြန်လည် ဦးမော့လာမယ့် အရိပ်အယောင်တွေ ပြသခဲ့ပေမယ့် အမှတ်ပေးဖလား အောင်မြင်ဖို့ ဝေးကွာခဲ့ရပါတယ်။
ဟေးဘရော့ဖြစ်ရပ်နောက်ပိုင်း အင်္ဂလန်ဘောလုံးလောက အပြောင်းအလဲသစ်တွေ ဖြစ်လာခဲ့တဲ့နောက် လီဗာပူးအသင်းဟာ နိုင်ငံရဲ့ ဦးဆောင်အသင်း နေရာက လျော့ကျလာခဲ့တယ်။ ကလပ်ဟာ အကယ်ဒမီ ကြယ်ပွင့်တွေနဲ့အတူ ၂၀၀၀ ခုနှစ်တွေမှာ ဆုဖလား ပြန်လည် စိန်ခေါ်လာခဲ့ပါတယ်။
ဒါပေမယ့်လို့ ထိုစဉ် ကလပ်ရဲ့ အကောင်းဆုံး ကြယ်ပွင့်တွေဖြစ်တဲ့ မက်မန်နာမန်း၊ အိုဝင်တို့ကို ဆက်ထိန်းနိုင်ခြင်း မရှိခြင်းနဲ့အတူ ဒီအဖွဲ့ဟာ ပရီးမီးယားလိဂ်မှာတော့ အမြင့်ဆုံး ဒုတိယနေရာထိပဲ ရောက်ခဲ့ရပါတယ်။
လီဗာပူးအသင်းဟာ ခေတ်ပြိုင် ယူနိုက်တက်လို ဆုဖလား ပုံမှန် စိန်ခေါ်နိုင်တဲ့ အဆင့်မျိုးထိ မရောက်ခဲ့ရခြင်းမှာ သွေးသစ်တွေကို ဦးဆောင်ပေးဖို့ အသင်းမှာ ဦးဆောင်အစုအဖွဲ့ မရှိတာကလည်း အကြောင်းရင်း တစ်ချက်လို့ ကာရေဂါက မြင်ပါတယ်။
“ အကြီးမားဆုံး ခြားနားသွားတာကတော့ မန်ချက်စတာ ယူနိုက်တက်ရဲ့ ၉၂ မျိုးဆက်က သိပ်ကောင်းတဲ့ ကစားသမားတွေဖြစ်ကြတာပါပဲ။ ဒါပေမယ့် အဲ့မျိုးဆက်ထဲက နဗီးတို့ ယူနိုက်တက် လူစာရင်းထဲ စဝင်ချိန်မှာ သူတို့မှာက ရှမိုက်ကယ်၊ ရွိုင်ကိန်းနဲ့ ကန်တိုနာလို ကစားသမားတွေ ရှိကြပါတယ်။
အဲ့တုန်းက လီဗာပူးအသင်းမှာတော့ လူစာရင်းထဲ ဝင်လာတဲ့ အကယ်ဒမီ မျိုးဆက်တွေကပဲ ကလပ်ရဲ့ အကောင်းဆုံး ကစားသမားတွေဖြစ်ခဲ့ကြတာပါ။ ဖောင်လာ၊ မက်မန်နာမန်း၊ ဂျရတ်၊ ကျနော် ကိုယ်တိုင်နဲ့ အိုဝင်တို့ပေါ့။
ယူနိုက်တက်မှာက သူတို့ရဲ့ မျိုးဆက်ကို ပဲ့ကိုင်ပေးဖို့ ရွိုင်ကိန်းလို ခေါင်းဆောင် ရှိနေခဲ့တယ်။ လီဗာပူးမှာ ဖောင်လာက အိုဝင်၊ ဂျရတ်လို ဆယ်ကျော်သက်ပဲ ရှိသေးတဲ့ အကောင်းဆုံး ကစားသမားတွေကို ဦးဆောင်ပေးခဲ့တယ်။
လီဗာပူးမှာက လူငယ်အဖွဲ့ကို ဦးဆောင်ပေးဖို့ရာ ရွိုင်ကိန်း၊ ရှမိုက်ကယ်၊ ကန်တိုနာလို ကစားသမားတွေ မရှိခဲ့ပါဘူး ” လို့ ကာရေဂါက မှတ်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။
လက်ရှိ လီဗာပူးအသင်းဟာလည်း ဘရတ်ဒလေ၊ ကွမ်းဆက်၊ ဘာ့ဂျ်ဆီတစ်တို့လို လူငယ်မျိုးဆက် ပိုင်ဆိုင်နေပြီဖြစ်ကာ သူတို့ကို ဦးဆောင်ပေးဖို့ ဆာလာ၊ ဗန်ဒိုက်တို့အပြင် ထရန့်၊ ဂျုံးလို အကယ်ဒမီထွက်တွေ ရှိနေတာပဲ ဖြစ်ပါတယ်။