ဒီရာသီ ပရီးမီးယားလိဂ်ရဲ့ VAR ဆုံးဖြတ်ချက် အမှားတွေကြောင့် အနစ်နာဆုံး အသင်း နာမည် ထွက်ပေါ်

ဒီရာသီ ပရီးမီးယားလိဂ်မှာ VAR ရဲ့ ဆုံးဖြတ်ချက် အမှားတွေနဲ့ ပတ်သက်လို့ အချက်အလက် အသစ်တစ်ခု ထွက်ပေါ်လာခဲ့ပြီ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် ပွဲတန်ပိုကို ဆက်ထိန်းနိုင်ဖို့ ကွင်းတွင်းမှာ VAR ဆုံးဖြတ်ချက်တွေကို အချိန်တိုအတွင်း အမြန်ဆုံး လုပ်နိုင်ဖို့ကို ရာသီစတည်းက ပြုပြင်နေတာပါ။ ဒါပေမယ့် အချိန်တိုအတွင်း ဆုံးဖြတ်ခြင်းကပဲ တိကျပြတ်သားမှုပိုင်းမှာ အားနည်းလာစေပါတယ်။

ဒါတွေကို ပြုပြင်နိုင်ဖို့ ပရီးမီးယားလိဂ်က ကြိုးစားနေပါတယ်လို့ ထုတ်ပြောထားပြီး နာမည်ကျော် ESPN သတင်းဌာနကတော့ ၂၀၂၃-၂၀၂၄ ဘောလုံးရာသီမှာ VAR ဟာ မှားယွင်းတဲ့ ဆုံးဖြတ်မှု အကြိမ် ၂၀ လုပ်ခဲ့တယ်လို့ ဖော်ပြလာပါတယ်။

အဲ့ထဲမှာ ၂ ကြိမ်ဟာ ဆုံးဖြတ်ချက် ပြန်ပြင်ဆင်မှု အမှားတွေဖြစ်ကာ ၁ ကြိမ်ကတော့ ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်ကို ငြင်းဆန်မိခဲ့ခြင်းဖြစ်ပါတယ်။ ၁၇ ကြိမ်ကတော့ VAR ဘက်က စစ်ဆေးဖို့ ပေါ့ဆမိခဲ့ခြင်းဖြစ်ပါတယ်။

စိတ်ဝင်စားစရာကတော့ ဒီရာသီ VAR ရဲ့ မှားယွင်းမှုတွေဒဏ်ကို အခံရဆုံးက လီဗာပူးအသင်း ဖြစ်နေပါတယ်။ လီဗာပူးအသင်းဟာ VAR ဆုံးဖြတ်မှု မှားယွင်းခြင်း ၄ ကြိမ်ကို ရင်ဆိုင်ထားရပြီး ဒါဟာ ဒီရာသီ VAR အမှားတွေရဲ့ ၂၀% ကို ခါးစီးခံနေရတာပါ။

လီဗာပူးပြီးရင် ဘရိုက်တန်နဲ့ ဝုဗ်တို့က ၃ ကြိမ်စီနဲ့ အဆိုးရွားဆုံး ဆုံးဖြတ်ချက်ကို ရရှိနေကာ သူတို့နောက်မှာ အာဆင်နယ်က ၂ ကြိမ်နဲ့ ရပ်တည်နေပါတယ်။

ဒီရာသီမှာ VAR ကနေ အကျိုးအမြတ် အရဆုံး အသင်းကတော့ အက်စတွန်ဗီလာဖြစ်ပြီး အခြားသော ၂ သင်းကတော့ နယူးကာဆယ်နဲ့ နော်တင်ဟမ် ဖောရက်စ်တို့ ဖြစ်ကြတယ်လို့ သိရပါတယ်။