Double Pivot? မာကာနဲ့ အန်ဒိုကို ကွင်းလယ်မှာ တွဲပြီး ပွဲထုတ်နိုင်ကြောင်း ရှင်းပြလာတဲ့ နည်းပြကလော့ပ်

ဘန်လေပွဲမှာ ကွင်းလယ် နံပါတ် ၆ သမား နှစ်ဦးဖြစ်တဲ့ မာကာနဲ့ အန်ဒိုကို တွဲပြီး ပွဲထုတ်နိုင်ကြောင်း နည်းပြကလော့ပ်က ထုတ်ပြောလာပါတယ်။

မာကာကို တိုက်စစ်ပိုလိုက်ခွင့်ပေးရတဲ့ ဘယ်ခြမ်း ကွင်းလယ်လူနေရာ ထားလို့ရပေမယ့် ဘယ်လို သုံးမယ်လို့ နည်းပြကလော့ပ်က အတိအကျ မပြောခဲ့ပါဘူး။ သူကတော့ နှစ်ဦးလုံးကို နံပါတ် ၆ သမားလို့ပဲ သုံးနှုန်းခဲ့ပြီး နှစ်ဦးတွဲထုတ်မယ့် သဘောမျိုးပဲ ပြောလာခဲ့ပါတယ်။

လက်ရှိ ကွင်းလယ်မှာ ဆိုဘိုစလိုင်၊ သီယေဂိုတို့ ဒဏ်ရာရနေတာမို့ အန်ဒိုကို လူစာရင်းထဲ ချက်ခြင်း ပြန်ထည့်ဖွယ် ရှိပါတယ်။

“ မာကာကလည်း နံပါတ် ၆ နေရာမှာ အတော်လေး ကောင်းနေတော့ ဘယ်လို ဖြေရှင်းရမလဲ ကျနော်တို့ ကြည့်ပါမယ်။ အသင်းသား အားလုံးကို ကျနော်တို့ လိုပါတယ်။ မာကာနဲ့ ဝါတာရူတို့က အတူတွဲ ကစားနိုင်ပါတယ်။ သူတို့ ကောင်းကောင်းကြီး တွဲကစားနိုင်ပါတယ်။ ပြဿနာ မဟုတ်ပါဘူး။

မှန်ကန်တဲ့ အခိုက်အတန့်မှာ သူတို့ နှစ်ဦးကို အတူတွဲသုံးနိုင်အောင် ကျနော်တို့ ကြိုးစားရပါမယ်။ ဒီတော့ ပွဲနေ့ကျရင် ကြည့်ကြတာပေါ့ ” လို့ ကလော့ပ်က ရှင်းပြပါတယ်။

အန်ဒိုဟာ လီဗာပူးအသင်းမှာ ပုံစံကောင်းပြခဲ့သလို ဂျပန်အသင်းထံ သွားရောက် ပူးပေါင်းချိန်မှာလည်း ပုံမှန် ပွဲထွက်ခွင့် ဆက်ရခဲ့ပါတယ်။ ဒါကြောင့် လီဗာပူးအသင်း လူစာရင်းထဲ ပြန်ပါဖို့ရာ အဆင်ပြေနေပါတယ်။

ကလော့ပ်ကပဲ “ ဝါတာရူ မပါဘဲ ကျနော်တို့ ဒီကာလကို ကျော်ဖြတ်နိုင်ခဲ့ပါတယ်။ သူက အသင်းကနေ ထွက်မသွားခင် အတော်လေး လွှမ်းမိုးမှုရှိခဲ့တဲ့ ကစားသမားပါ။

သူက တိုက်စစ်ပိုင်း ကစားသမားတွေအတွက် အများကြီး ကူညီပေးခဲ့တယ်။ သူ့ရဲ့ ကာကွယ်ပေးမှုတွေက အံ့မခန်းပါပဲ။ ပြန်လာပြီးတဲ့နောက်လည်း သူ့အခြေအနေ ကောင်းပါတယ် ” လို့ ပြောပြသွားပါတယ်။