ဘန်လေပွဲအတွက် အကောင်းဆုံးဆုရှင်၊ ပရီးမီးယားလိဂ် စံချိန်ချိုးတဲ့ ထရန့်၊ လိဂ်ကို ဦးဆောင်ခြင်းနဲ့ နံနက်ခင်း လီဗာပူး သတင်းတိုများ

လီဗာပူး ၃-၁ ဘန်လေပွဲမှာ အန်ဖီးကွင်းအတွင်း ပရိသတ် ၆၀၀၀၀ ဝန်းကျင် တက်ရောက်ခဲ့ပြီး ပရီးမီးယားလိဂ်ခေတ်မှာ အမြင့်ဆုံး ပရိသတ်ဝင်ဆံ့မှုအဖြစ် မှတ်တမ်း ဝင်ပါတယ်။

လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ်ကို ပြန်လည် ဦးဆောင်ခဲ့ပေမယ့် မန်စီးတီးထက် ၁ ပွဲ ပိုကစားထားတာမို့ လက်ကျန်ပွဲတွေမှာ အမှားမခံတော့ပါဘူး။

ဘန်လေနဲ့ပွဲအတွက် လီဗာပူးပရိသတ်တွေ မဲပေးတဲ့ ပွဲစဉ်ရဲ့ အကောင်းဆုံး ကစားသမားဆုကို ဟာဗေးက ရရှိသွားပါတယ်။

ဒါဝင် နူးညက်စ်ရဲ့ ပြင်းပြတဲ့ စိတ်ဆန္ဒဟာ လီဗာပူးအသင်းနဲ့ အရမ်း ကိုက်ညီတယ်လို့ ပရိသတ်တွေက ပွဲအပြီး မှတ်ချက်ပေးကြပါတယ်။ ဥရုဂွေးသားဟာ ဘန်လေပွဲမှာ အပိုင် အခွင့်အရေး ၂ ကြိမ်လောက်ကို ဂိုးအဖြစ် မပြောင်းလဲနိုင်ခဲ့ပေမယ့် သူ့ရဲ့ ပြင်းထန်တဲ့ ကစားပုံက ချီးကျူးခံရပါတယ်။

ဂျိုတာရဲ့ ခေါင်းတိုက်ဂိုးအတွက် ထောင့်ကန်ဘောကနေ ကန်တင်ပေးခဲ့တဲ့ ထရန့်ဟာ သူ့ကစားသမားဘဝ ဂိုးထောက်ပံ့မှု ၅၈ ကြိမ် လုပ်နိုင်ခဲ့ပါပြီ။ ဒါဟာ ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် ခံစစ်သမားတွေထဲ အမြင့်ဆုံးဖြစ်ကာ ယခင် စံချိန်ရှင်ဟောင်းက ရော်ဘတ်ဆန် ဖြစ်ပါတယ်။

ထရန့်ရဲ့ ဘယ်ဘက် ဒူးမှာ နာကျင်မှု ခံစားရတာကြောင့် မပြင်းထန်ပေမယ့် လူစားလဲမှု ပြုလုပ်ဖို့ ဆုံးဖြတ်လိုက်ကြောင်း ကလော့ပ်က ပြောပါတယ်။ ထရန့်ကို စွန့်စားပြီး မသုံးဖို့ ဆုံးဖြတ်ကာ ဟာဗေးနဲ့ လူစားလဲခဲ့ပါတယ်။

ဒီယက်ဇ်ရဲ့ တိုက်စစ်ပိုင်း ချိတ်ဆက်ကစားမှုတွေဟာ အားနည်းချက်ရှိကြောင်း ထောက်ပြမှုတွေ ထွက်ပေါ်နေပါတယ်။ ဒီယက်ဇ်ဟာ ဘန်လေပွဲအတွင်း အသင်းဖော် ဒါဝင်နဲ့ ဂျိုတာတို့ကို ဖန်တီးပေးနိုင်မှုတွေမှာ လိုအပ်ချက်များခဲ့ပါတယ်။

ဘန်လေပွဲမှာ ဂရာဗင်ဘက်ချ်ကို မထည့်ခဲ့တာက သွေးပူ လေ့ကျင့်ရေး ပြုလုပ်နေစဉ် တစ်ခုခု နာကျင်တယ် ခံစားရတာကြောင့်လို့ ကလော့ပ်က ဆိုပါတယ်။

ဇာဗီ အလွန်ဆိုရဲ့ လေဗာကူဆင်ဟာ အဓိက ဖလားပြိုင်ဘက် ဘိုင်ယန်မြူးနစ်ကို အနိုင်ရတဲ့နောက် ဘွန်ဒက်လီဂါ အမှတ်ပေးဖလားကို ၅ မှတ် စတင်ဖြတ်ထားနိုင်ပါပြီ။

အလွန်ဆိုရဲ့ ဖိအားဒဏ် ခံနိုင်မှုနဲ့ အရည်အချင်းဟာ ကလော့ပ် နေရာ ဆက်ခံသူ ဖြစ်သင့်တယ်လို့ အသင်းပရိသတ်တွေက ထုတ်ဖော်နေကြပါတယ်။

လီဗာပူးအသင်းခေါင်းဆောင်ဟောင်း ဂျင်မီရက်နက်ကတော့ အသင်းရဲ့ နည်းပြသစ်အဖြစ် အလွန်ဆိုကို ထောက်ခံလိုက်ပါတယ်။