စိတ်ကြိုက် ကစားသမားတွေ့ရင်တောင် အချက်တချက် ငြိရင် လီဗာပူးက ခေါ်မည် မဟုတ်

လီဗာပူးဟာ အသင်းရဲ့ နွေအပြောင်းအရွှေ့ ပစ်မှတ်တွေနဲ့ ပတ်သက်ပြီး အကြပ်ကိုင်ခံမှာ မဟုတ်သလို ကလပ်ရဲ့ သတ်မှတ်ချက်ကို ညိစွန်းလာခဲ့ရင် အခြားပစ်မှတ် ပြောင်းပလိုက်မယ်လို့ ကလော့ပ်က ထုတ်ပြောလာပါတယ်။

အလုပ်ရှုပ်တဲ့ ရာသီကုန်ကာလ မတိုင်ခင် လူသစ်ခေါ်ယူရေး အသင်းဘက်က အစွမ်းကုန် ကြိုးစားနေတာနဲ့အတူ သူလိုချင်တဲ့ ကစားသမားတွေ ရနိုင်လိမ့်မယ်လို့ ကလော့ပ်က ယုံကြည်မှုရှိနေတာ ဖြစ်ပါတယ်။

လီဗာပူးဟာ ဘယ်လင်ဟမ်ကို ဦးစားပေးအဖြစ် သတ်မှတ်ခဲ့ပေမယ့် ဒေါ့မွန်က ပေါင်သန်း ၁၃၀ တန်ကြေး သတ်မှတ်လာတဲ့နောက် လက်လျော့လိုက်ပါတယ်။ ကစားသမား တစ်ယောက်အတွက် မှန်ကန်တဲ့ကြေးမှ မဟုတ်ခဲ့ရင် စျေးကိုင်ခံနေမှာ မဟုတ်ဘူးလို့ ကလော့ပ်က ဆိုပါတယ်။

“ တန်ကြေးတွေက မတရားများလွန်းနေရင် ကျွန်တော်တို့ဘက်က မဝယ်ပါဘူး။ ကစားသမားသစ်တွေ ဝယ်တာတော့ ဝယ်မှာပါ။ လိုအပ်ချက်နဲ့ ကိုက်ညီပြီးတော့ အသင်းကို ကူညီပေးမယ့် ကစားသမားတွေကို ခေါ်ယူသွားမှာ သေချာပါတယ်။ ဒီအပေါ်မှာ လုံးဝ ယုံကြည်မှုရှိပါတယ်။

စာချုပ်မချုပ်နိုင်ခင်အထိ ၁၀၀ ရာခိုင်နှုန်းတော့ မသိရသေးဘူးပေါ့။ ဒါပေမယ့် တချို့ကလပ်တွေက အရမ်းမြင့်မားလွန်းတဲ့ ခေါ်ဈေးသတ်မှတ်ကြတာ မထူးဆန်းပါဘူး။

ဒီလိုပြောပါရစေ။ နေရာတစ်ခုကို သတ်မှတ်ပြီးတော့ အဲ့နေရာအတွက် ရွေးချယ်စရာ တစ်ခုပဲရှိတာ မဟုတ်ပါဘူး။ ပစ်မှတ်တွေက အများကြီးပါ။ ဦးစားပေး အကြိုက်ဆုံးဆိုတာ ရှိနိုင်ပေမယ့် တခြားကလပ်က သူ့ကို မရောင်းချင်တာမျိုး၊ ဈေးအရမ်းတင်ထားတာမျိုး ဆိုရင် ကျွန်တော်တို့က ဆက်မလိုက်တော့ဘူး။ တခြားပစ်မှတ် ပြောင်းလိုက်ပါမယ်။

ဒါပေမယ့် အများအားဖြင့်တော့ ကျွန်တော်လိုချင်တဲ့ ကစားသမားတွေကို ရခဲ့တာချည်းပါပဲ။ ကျွန်တော်တို့ တတ်နိုင်ရင် သူတို့ကို ခေါ်လိုက်တာပဲ။ အဲ့အကြောင်းကို သိပ်ပြီး မစဉ်းစားပါဘူး ” လို့ ဘရန့်ဖိုဒ့် ပွဲကြိုမှာ ကလော့ပ်က ထုတ်ပြောခဲ့ပါတယ်။

ကလော့ပ်ဟာ ဇူလိုင်လ အစောပိုင်း ရာသီကြိုအစမှာတင် သူ့ရဲ့ အသင်းသားတွေကို စုံစုံလင်လင် မြင်တွေ့ချင်တာကြောင့် နွေအပြောင်းအရွှေ့ကိစ္စတွေကို စောစောစီးစီး အပြီးသတ် လုပ်ဆောင်ချင်နေတာ ဖြစ်ပါတယ်။