အလွန်ဆိုကို ခေါ်ထုတ်ဖို့ လမ်းကြောင်းရှာနေခြင်း၊ ဆက်ထိန်းသွားမှာဆိုတဲ့ အားကစား ဒါရိုက်တာနဲ့ နံနက်ခင်း လီဗာပူးသတင်းများ

လီဗာပူးအသင်းနဲ့ သတင်းကြီးတွေ ထွက်ပေါ်နေပေမယ့်လို့ အလွန်ဆိုဟာ လေဗာကူဆင်မှာ ဆက်နေလိမ့်မယ်လို့ ယုံကြည်ကြောင်း လေဗာကူဆင် အားကစားဒါရိုက်တာက ထုတ်ပြောသွားပါတယ်။

လီဗာပူးအသင်းဟာ အလွန်ဆိုရဲ့ စာချုပ်အခြေအနေ အားလုံးကို အသေးစိတ် လေ့လာမှု ပြုလုပ်နေပြီး သူ့ကို နည်းပြသစ်အဖြစ် ခန့်အပ်နိုင်ဖို့ နည်းလမ်းတွေအား ရှာဖွေနေတယ်လို့ ရိုမန်နိုက ဆိုပါတယ်။

သတင်းထောက် Sacha Tavolieri ကတော့ လီဗာပူးအသင်းဟာ အလွန်ဆိုထံ ပထမအကြိမ် ချိတ်ဆက်ပြောဆိုမှု ပြုလုပ်ခဲ့ပြီလို့ ဖော်ပြလာပါတယ်။

လေဗာကူဆင်ကနေ အလွန်ဆိုကို ဘယ်လို ဆွဲထုတ်မလဲ တာဝန်ယူပေးဖို့ အားကစား ဒါရိုက်တာသစ် တစ်ဦးကို လီဗာပူးဘက်က အရင်ဆုံး ခန့်အပ်သွားဖို့ ရှိနေပါတယ်။

ထရန့်ဟာ ဆာလာ၊ ဗန်ဒိုက်တို့ထက် ပိုများတဲ့ နှစ်ရှည်စာချုပ်ကို ရဖွယ်ရှိနေတယ်လို့ သိရပါတယ်။ အခုချိန်ထိတော့ စာချုပ်ကိစ္စ တိုးတက်တဲ့ အခြေအနေတွေကို မကြားရသေးပါဘူး။

ယူနိုက်တက်နည်းပြ တန်ဟက်ကတော့ သူတို့ဟာ အာဆင်နယ်နဲ့ လီဗာပူးတို့ကိုလည်း အနိုင်ယူနိုင်ခဲ့သင့်တာလို့ အက်စတွန်ဗီလာ ပွဲအပြီး ထုတ်ပြောလာပါတယ်။

Insider သတင်းထောက် Pete O ကတော့ ကလော့ပ်နေရာ ဆက်ခံသူဟာ သူ့ရဲ့ ပထမဆုံး စျေးကွက်မှာ အသုံးစရိတ် အလုံအလောက် ရရှိမယ်လို့ ဖော်ပြပါတယ်။

လီဗာပူးအသင်းရဲ့ အိမ်ကွင်းဟာ အင်္ဂလန်ရဲ့ ပရိသတ်ဝင်ဆံ့မှု အများဆုံး ထိပ်သီး ၅ ကွင်းထဲ ပါဝင်ခဲ့ပါပြီ။ နွေမှာ အပြီးသတ် တိုးချဲ့မှုတွေ ပြီးဆုံးခဲ့ရင် ပရိသတ် ၆၁၀၀၀ ထိ ဝင်နိုင်မှာ ဖြစ်ပါတယ်။