လီဗာပူးအသင်းဟာ ဇာဗီ အလွန်ဆိုရဲ့ လေဗာကူဆင် အသင်းနဲ့ စာချုပ်ကိစ္စ အခြေအနေတွေကို အသေးစိတ် သိရှိ လေ့လာထားပြီဖြစ်ကြောင်း သတင်းထောက် ရိုမန်နိုက ထုတ်ပြောလာပါတယ်။
၂၀၂၃ နိုဝင်ဘာလကတည်းက လီဗာပူးအသင်းဟာ ကလော့ပ် ရာထူးကနေ ထွက်မယ် ဆိုတာကို သိရှိထားခဲ့တာပါ။ ကြိုတင်ပြင်ဆင်မှုတွေဟာ လွန်ခဲ့တဲ့ ၃ လကတည်းက စတင်နေပေမယ့် ကလော့ပ်ရဲ့ ကြေညာချက်ကို တရားဝင် ထုတ်ပြန်ကြေညာခြင်း မလုပ်ခင်ထိ ဘယ်သူမှ မသိခဲ့ကြပါဘူး။
အခုဆိုရင် လီဗာပူးအသင်းက အလွန်ဆိုကို ပထမအကြိမ် ဆက်သွယ်ခဲ့ကြောင်းနဲ့တကွ လေဗာကူဆင်နဲ့ စကားပြောမယ့် ကိစ္စတွေဟာ သတင်းဌာနတွေရဲ့ စာမျက်နှာထက် ရောက်လာနေပါပြီ။
လီဗာပူးနဲ့ အလွန်ဆို ကိစ္စအတွက် ရိုမန်နို ပြောရာမှာတော့ ” လီဗာပူးအသင်းက ဇာဗီ အလွန်ဆိုရဲ့ အခြေအနေကို ကောင်းကောင်းကြီး သိထားပါတယ်။ လေဗာကူဆင်မှာ သူ့ရဲ့ စာချုပ် အခြေအနေ အားလုံးကို လီဗာပူးက သိပါတယ်။
လီဗာပူးဘက်က အလွန်ဆိုကို နည်းပြအဖြစ် ခန့်အပ်နိုင်ဖို့ နည်းလမ်းရှာဖွေနေတယ်။ အလွန်ဆိုကို ဘယ်လို ချိတ်ဆက်မလဲ ဘယ်အချိန် ချိတ်ဆက်မလဲ ဆုံးဖြတ်ပေးဖို့ အားကစားဒါရိုက်တာသစ်ကို သူတို့ စောင့်နေပါတယ်။
သူတို့မှာ မန်နေဂျာနေရာအတွက် လျာထားစာရင်းတော့ ရှိပါတယ်။ ဒါပေမယ့် အလွန်ဆိုက အဓိက ရွေးချယ်ထားမှုဖြစ်ပါတယ်။ သတင်းထူးတော့ မရှိသေးပါဘူး။ အချိန်အကြာကြီးတည်းက သူတို့တွေ အလွန်ဆိုကို စိတ်ဝင်စားထားခဲ့တာပါ ” လို့ ပြောပြလာပါတယ်။