အာဆင်နယ်က လီဗာပူးထက် ပိုကောင်းတဲ့အသင်း ဖြစ်နေပြီလို့ သုံးသပ်လိုက်တဲ့ ဂယ်ရီနဗီး

ပရီးမီးယားလိဂ်ဆုဖလား ပြိုင်ဆိုင်မှုမှာ လီဗာပူးအသင်းဟာ သူ့အတွက်တော့ မန်စီးတီး၊ အာဆင်နယ်တို့လောက် ရေပန်းမစားပါဘူးလို့ ဂယ်ရီနဗီးက ပြောဆိုလာပါတယ်။

စကိုင်းစပေါ့ သုံးသပ်သူဖြစ်တဲ့ ဂယ်ရီနဗီးကတော့ ဖလားယှဉ်ပြိုင်မယ့် ကလပ် ၃ သင်းထဲက တစ်သင်းကို ရွေးချယ်ရမယ့် အခြေအနေမှာ မန်ချက်စတာ ယူနိုက်တက်ရဲ့ မဟာပြိုင်ဘက် နှစ်သင်းထက် အာဆင်နယ်ကိုပဲ သူ့စိတ်ကြိုက်အသင်း အဖြစ် ဦးစားပေးလာခဲ့တာပါ။

၎င်းကပဲ အာဆင်နယ်ဟာ လီဗာပူးထက် ပိုကောင်းတဲ့အသင်းဖြစ်ကြောင်းနဲ့ လီဗာပူးကို ကျော်ပြီး မန်စီးတီးအသင်းအား အဓိက စိန်ခေါ်နိုင်လိမ့်မယ်လို့ သုံးသပ်လာပါတယ်။

ဂယ်ရီနဗီးက “ ကျနော်ကတော့ အာဆင်နယ်ကိုပဲ စိတ်ဝင်စားတယ်။ ဘာလို့လဲဆိုတော့ မန်စီးတီးရဲ့ အနီးကပ်ပြိုင်ဘက်ဟာ အာဆင်နယ်ပဲဖြစ်မယ်လို့ ကျနော် ယူဆလို့ပဲ။

လီဗာပူးကလည်း ဖလားစိန်ခေါ်နေတဲ့ အသင်းဖြစ်ပါတယ်။ သူတို့မှာ မန်နေဂျာကောင်းလည်း ပိုင်ဆိုင်ထားတယ်။ ဒါပေမယ့် အာဆင်နယ်ပွဲတွေကို ကြည့်ချိန်မှာ အာဆင်နယ်က လီဗာပူးထက် ပိုကောင်းတဲ့အသင်းလို့ ခံစားမိပါတယ်။

ဒီလိုပြောလို့ အာဆင်နယ်က ဖလားရမယ်၊ လီဗာပူးအထက်က ရပ်တည်နိုင်မယ်လို့ ပြောလိုတာ မဟုတ်ပါဘူး။ ဒါပေမယ့် အာဆင်နယ်က လီဗာပူးထက် ပိုကောင်းနေပါပြီ ” လို့ ဆိုသွားခဲ့ပါတယ်။

၂၀၂၃-၂၀၂၄ ဘောလုံးရာသီမှာ ကလပ်တွေဟာ ရလဒ်ကွာဟချက်တွေ ကျဉ်းမြောင်းလာနေခဲ့ပြီး တစ်ပွဲ ရှုံးလိုက်တာနဲ့ နောင်တရသွားမယ့် အနေအထားကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။