ထရန့်၊ ဆိုဘိုစလိုင်တို့ လေ့ကျင့်ရေးမှာ မပါဝင်၊ ကလော့ပ် အမြန်ပြန်လာဖို့ ဆုတောင်းတဲ့ ဂွာဒီယိုလာနဲ့ နံနက်ခင်း လီဗာပူး သတင်းတိုများ

ဘရန့်ဖိုဒ့်ပွဲကြို အသင်းရဲ့ လေ့ကျင့်ရေးမှာ ဆာလာ၊ အယ်လီဆန်၊ ဂိုးမက်စ်တို့ ပြန်ပါလာခဲ့ကာ ကွင်းလယ်လူ ဆိုဘိုစလိုင်ကတော့ ပါဝင်နိုင်ခြင်း မရှိသေးပါဘူး။

ညာအစွန်လူ ထရန့်ကို လေ့ကျင့်ရေးမှာ မမြင်ရပေမယ့် ဖခင် ဆုံးပါးသွားလို့ ခွင့်ရက်ယူထားရတဲ့ ဘရတ်ဒလေကိုတော့ ပြန်ပြီး မြင်တွေ့နေရပါတယ်။

မတ်လ ၂၃ ရက်နေ့မှာ ယှဉ်ပြိုင်ကစားမယ့် လီဗာပူး ဂန္တဝင်နဲ့ အေဂျက် ဂန္တဝင်ပွဲမှာ လီဗာပူးအသင်း နည်းပြအဖွဲ့ထဲ အဲရစ်ဆန် ပါဝင်လာပါမယ်။ ကင်ဆာကြောင့် ၁ နှစ် ဝန်းကျင်ပဲ ဆက်နေရတော့မယ့် နည်းပြကြီးရဲ့ လီဗာပူးကို ကိုင်တွယ်ခွင့် အိပ်မက်အား အသင်းဘက်က ဖြည့်စည်းပေးမှာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ကို ယာဂင်ကလော့ပ် ရောက်လာတည်းက လီဗာပူးအသင်းဟာ အိမ်ကွင်း ရှုံးပွဲအနည်းဆုံး အသင်းဖြစ်ပြီး ၁၁ ပွဲပဲ ရှုံးနိမ့်ဖူးပါတယ်။ မန်စီးတီးတောင်မှ ၁၆ ပွဲထိ ရှုံးနိမ့်ထားတာ ဖြစ်ပါတယ်။

Miguel Delaney ရဲ့ ဖော်ပြချက်အရ အမ်ဘာပေရဲ့ ကိုယ်စားလှယ်တွေဟာ မနှစ်တုန်းက လီဗာပူးအသင်းနဲ့ ဆက်သွယ် ပြောဆိုမှုမျိုး လုပ်ခဲ့ဖူးပါတယ်။ ဒါပေမယ့် လီဗာပူးအသင်းဟာ ဘာပေရဲ့ လုပ်ခကို ပေးချေဖို့ မတတ်နိုင်ခဲ့ပါဘူး။

တရက်မှာ ယာဂင်ကလော့ပ် နည်းပြလောကထဲ ပြန်ဝင်လာတာမျိုး မြင်ရဖို့ မျှော်လင့်ကြောင်း ဂွာဒီယိုလာက ထုတ်ပြောပါတယ်။

မန်စီးတီးအသင်းဟာ မတ်လအတွင်းမှာ လီဗာပူးနဲ့ အန်ဖီးပွဲ အပါအဝင် ယူနိုက်တက်၊ အာဆင်နယ်၊ ဘရိုက်တန်တို့နဲ့ ထိပ်တိုက် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။