လီဗာပူးအသင်းဟာ အားကစားဒါရိုက်တာ ဂျော့ရှမတ်ကီနဲ့ ရာသီကုန်ရင် လမ်းခွဲမှာဖြစ်ကာ အကြီးအကဲသစ် တစ်ဦးကို ကလပ်ပြင်ပကနေ ရှာဖွေသွားတော့မှာဖြစ်ပါတယ်။
ဒီနှစ် အစောပိုင်းမှာတင် လီဗာပူးအသင်းက ဝက်စ်ဟမ်းအသင်း အားကစားဒါရိုက်တာ Tim Steidten နဲ့ တွေ့ဆုံခဲ့ကြောင်း သတင်းတွေ ထွက်ပေါ်လာခဲ့ပါသေးတယ်။ ဂျာမာန်သားကတော့ တရားဝင် ကမ်းလှမ်းမှု မရသေးကြောင်း အခုလို ထုတ်ပြောလာပါတယ်။
လေဗာကူဆင် ဒါရိုက်တာဟောင်းလည်းဖြစ်တဲ့ အသက် ၄၄ နှစ်အရွယ် Tim Steidten ကတော့ ဂျာမာန်သတင်းဌာနက တစ်ဆင့်
“ လီဗာပူးအသင်း လျာထားစာရင်းထဲ ကျနော် ပါဝင်နေတယ်ဆိုတာ ကြားသိထားပါတယ်။ လီဗာပူးက ကမ္ဘာ့အကြီးမားဆုံး ကလပ်တွေထဲက တစ်သင်းဖြစ်လို့ အခုလို သတင်းထွက်တာကို ဂုဏ်ယူမိပါတယ်။
ဒါပေမယ့် အခုချိန်ထိ လီဗာပူးဘက်က ကျနော်ကို ကမ်းလှမ်းလာတာ မရှိသေးပါဘူး။ ကျနော်ကတော့ နောက်နွေမှာ ဝက်စ်ဟမ်းနဲ့ ဘာလုပ်မယ်ဆိုတာကို ကြိုတင် ပလန်တွေ ချနေပါတယ်။ အနာဂတ်မှာ ဘာဖြစ်လာမယ်ကတော့ စောင့်ကြည့်ရပါမယ် ” လို့ ထုတ်ပြောခဲ့ပါတယ်။
လီဗာပူးအသင်းဟာ နွေမှာ ကလပ်ရဲ့ မန်နေဂျာသစ်ကို တရားဝင် ခန့်အပ်နိုင်ဖို့ ကြိုးစားရမှာပါ။ အဲ့မတိုင်ခင်မှာတော့ အားကစားဒါရိုက်တာသစ်ကို အရင်ဆုံး ရှာဖွေကာ မန်နေဂျာ နေရာ ဘယ်သူ့ကို တာဝန်ပေးမလဲ ဦးဆောင် ဆုံးဖြတ်စေမယ်လို့ သိထားရတာ ဖြစ်ပါတယ်။