ကစားသမားဟောင်းဖြစ်ခဲ့လို့ မဟုတ်ဘူးဆိုကာ နည်းပြသစ်ရာထူးအတွက် အလွန်ဆိုဘက်က အပြည်အဝ ရပ်တည်လိုက်တဲ့ ကာရေဂါ

လီဗာပူး ကစားသမားဟောင်း ကာရေဂါကတော့ ကလော့ပ်ရဲ့ နောက်ပိုင်း နည်းပြနေရာ ဆက်ခံသူဟာ အလွန်ဆိုပဲ ဖြစ်လာသင့်ပါတယ်လို့ စပိန်သားဘက်က ပြတ်ပြတ်သားသား ရပ်တည်လိုက်ပါတယ်။

အလွန်ဆို၊ ဒီဇာဘီ၊ ပပ်လင်ဒါးနဲ့ အာမိုရင်းတို့ကို မန်နေဂျာရာထူးအတွက် လီဗာပူးအသင်းက စောင့်ကြည့်နေတာပါ။ ကာရေဂါကတော့ သူ့ရဲ့ ထောက်ခံမှု အားလုံးကို အလွန်ဆိုအပေါ် ပုံအပ်ပေးလိုက်ပါပြီ။

ကာရေဂါကတော့ ” ဒီရာသီ လေဗာကူဆင်ကို ကိုင်တွယ်နေတာ အလွန်ဆို မဟုတ်ဘဲ အခြားသူဆိုရင်လည်း သူ့ကို ခေါ်ယူဖို့ လီဗာပူးက စဉ်းစားမှာပဲ ” ဆိုပြီး အသင်းဘက်က ကစားသမားဟောင်းမို့ ခေါ်ယူလိုတာထက် အရည်အချင်းကို နှစ်သက်နေတာလို့ ထောက်ပြပါတယ်။

ကာရေဂါကပဲ ဆက်လက်ပြီး ” လီဗာပူးမှာ ကစားတည်းက သူက ကစားသမားကောင်း တစ်ဦးတင် မဟုတ်ဘဲ ဘောလုံးကို တကယ်မြတ်နိုးတဲ့သူပါ။ သူက အမြဲတမ်း နည်းစနစ်တွေကို စိတ်ဝင်စားတယ်။ ငယ်ငယ်လေးတည်းက ဘောလုံးနဲ့ ပတ်သက်လို့ ကောင်းမွန်တဲ့ အိုင်ဒီယာ ရှိပါတယ်။

သူအလုပ်တွဲလုပ်ခဲ့တဲ့ မန်နေဂျာတွေကိုပဲ ကြည့်လိုက်ဦး (တကယ့် ဂရိတ်တွေချည်းပဲ)။ သူက မော်ဒန်ခေတ် မန်နေဂျာတွေထဲ အကောင်းဆုံးတွေရဲ့ လက်အောက်မှာ ကစားခဲ့သူ၊ သူ့အဖေ ကိုယ်တိုင်လည်း မန်နေဂျာနဲ့ ကစားသမားအဖြစ် လုပ်ခဲ့ဖူးတဲ့သူ။ အလွန်ဆိုက သူ့ဘဝ တစ်လျှောက်လုံး ဘောလုံးနဲ့ ဆက်နွယ်နေခဲ့တာပါ။

သူက လီဗာပူးမှာလည်း ကစားခဲ့တယ်။ ကစားသမားအဖြစ်နဲ့ လုပ်ရည်ကိုင်ရည် ရှိခဲ့တာတင် မဟုတ်ဘဲ နည်းပြဘဝမှာလည်း လုပ်ရည်ကိုင်ရည် ရှိပါတယ်။

သူက အတွေးကောင်းတဲ့ ကစားသမားဖြစ်ခဲ့တာပါ။ ဘောလုံးကစားသမားဘဝမှာ အားပဲ သုံးခဲ့တာ မဟုတ်ဘူး ဦးနှောက်ကိုလည်း အသုံးချခဲ့တဲ့သူ။ ဒီတော့ မန်နေဂျာကောင်း ဖြစ်လာနိုင်သူလို့ အခုလို သက်သေ မပြခဲ့ကတည်းက လူတိုင်းရဲ့ အမြင်မှာ သူက တချိန်မှာ မန်နေဂျာကောင်း ဖြစ်လာမယ့်သူလို့ တွေးမိခဲ့စေသူပါ ” လို့ ထုတ်ပြောလာခဲ့ပါတယ်။

အလွန်ဆိုဟာ လီဗာပူးကစားသမားဘဝ ကာရေဂါနဲ့ အရင်းနှီးဆုံး ဆက်ဆံရေး ရှိခဲ့သူပါ။ လူတိုင်းက အလွန်ဆိုနဲ့ ဂျရတ်အတွဲကို ပိုသိကြပေမယ့် စပိန်သားကတော့ အခင်ဆုံး သူငယ်ချင်းဟာ ကာရေဂါဖြစ်ကြောင်း လူသိထင်ရှား ထုတ်ပြောခဲ့တာ ဖြစ်ပါတယ်။