ဒီနွေမှာ ယာဂင်ကလော့ပ်နဲ့ လက်ထောက်နည်းပြ နှစ်ဦးအပြင် နောက်ထပ် အရေးကြီး ရာထူးတစ်ခုအတွက်လည်း လီဗာပူးအသင်းက အစားထိုးရမှာဖြစ်ပါတယ်။
ကလပ်ရဲ့ မန်နေဂျာသစ်ကို ခန့်အပ်ဖို့အတွက် လီဗာပူးအသင်းဟာ အားကစားဒါရိုက်တာ သစ် တစ်ဦးကို အရင်ဆုံး ရှာဖွေရမှာပါ။ ပြီးရင်တော့ မန်နေဂျာနဲ့ သူ့ရဲ့ နည်းပြအဖွဲ့တွေကို စုစည်းပေးရမှာဖြစ်ပါတယ်။ အဲ့ထဲမှာတော့ လူသိနည်းတဲ့ ရာထူးတစ်ခု ပါဝင်လာပါတယ်။
လီဗာပူးအသင်းဟာ ကလော့ပ်ရဲ့ ခေတ်မှာ အခြားသော အသင်းတွေမှာ မရှိလှတဲ့ ဒါမှမဟုတ် အခေါ်အဝေါ် မတူညီတဲ့ ရာထူးတစ်ခုကို ဖန်တီးခဲ့ပါတယ်။ အဆိုပါရာထူးကတော့ elite development coach လို့ ခေါ်ပြီး စီနီယာအသင်းနဲ့ လူငယ်အသင်းကြား ပေါင်းကူးပေးသူ အဖြစ် မှတ်ယူလို့ရပါတယ်။
၂၀၁၅ နဲ့ ၂၀၁၈ အတွင်း အဆိုပါ ရာထူးကို တာဝန်ယူခဲ့သူက ပပ်လင်ဒါး ဖြစ်ပါတယ်။ သူလက်ထောက်နည်းပြ ဖြစ်သွားချိန်မှာတော့ အသင်းဘက်က ပေါ်တိုအသင်းမှ ဗစ်တာမားတိုစ့်ဖြင့် အစားထိုးခဲ့ပါတယ်။
ပထမအသင်း တိုးတက်မှုဆိုင်ရာ နည်းပြလို့လည်း လူသိများပြီး ဒီတာဝန်ဟာ လူငယ်အသင်းမှာ အလားအလာရှိတဲ့ ကစားသမားတွေကို စုဆောင်းကာ ကလော့ပ် ဦးဆောင်တဲ့ လီဗာပူး စီနီယာအသင်း နည်းပြအဖွဲ့တွေရဲ့ ရှေ့ထံ ပို့ဆောင်ပေးရတာ ဖြစ်ပါတယ်။
ရွေးချယ်ထားတဲ့ လူငယ်တွေကိုတော့ ‘Talent Group’ လို့ နာမည်ပေးထားပြီး ယခင်ကဆိုရင် ခါဘီမှာ စိတ်ကြိုက်ရွေးချယ်ကာ မဲဝုဒ်ထံ လာရောက်လို့ ခြေစွမ်း စမ်းသပ်ခံရပါတယ်။ လင်ဒါးလက်ထက် ၂၀၁၆ မှာတော့ ထရန့်ဟာ အထက်ပါ ရွေးချယ်မှုကနေ ကလော့ပ်ရဲ့ရှေ့ကို ရောက်ရှိလာခဲ့ပါတယ်။
မန်နေဂျာတစ်ဦးဟာ များပြားတဲ့ အကယ်ဒမီပွဲတွေကိုတော့ ပွဲတိုင်း မကြည့်ရှုနိုင်ပါဘူး။ ဒါကြောင့်ပဲ ထူးချွန်တဲ့ လူငယ်တွေကို သူ့ကိုယ်စား ရွေးထုတ်ပေးမယ့်သူ တစ်ဦး လိုအပ်လာပါတယ်။ ဒါကြောင့်ပဲ လီဗာပူးအသင်းမှာ elite development coach ဆိုတဲ့ ရာထူး ပေါ်ပေါက်လာခဲ့ပါတယ်။
အကယ်ဒမီမှာတော့ အကယ်ဒမီဒါရိုက်တာက လူငယ်တွေရဲ့ အရည်အချင်း အလိုက် အဆင့်ခွဲခြားမှု လုပ်ပေးပါတယ်။ သူတို့ရဲ့ ခြေစွမ်း၊ အလားအလာကို ကြည့်ပြီး မာတိုစ့်က ‘Talent Group’ ကို ပြန်ဖွဲ့စည်းပါတယ်။
သူ့လက်ထက်မှာ ကွမ်းဆက်၊ ဘရတ်ဒလေ၊ ဘာ့ဂျ်ဆီတစ်၊ မက်ကော်နယ်၊ တေလာ မော်တန် စသဖြင့် လူငယ်တွေ ထွက်ပေါ်လာပါတယ်။ မနှစ်ကရာသီ ကလော့ပ်က နံပါတ် ၆ သမား လိုအပ်လာချိန်မှာ မာတိုစ့်က ဘာ့ဂျ်ဆီးတစ်ကို ရွေးထုတ်ပေးခဲ့တာက ကောင်းမွန်တဲ့ သာဓက တစ်ခုဖြစ်ပါလိမ့်မယ်။
လူငယ်ကြယ်ပွင့်တွေကို စိတ်ကြိုက် ရွေးထုတ်ပြီးတိုင်း မာတိုစ့်ဟာ ပပ်လင်ဒါးက တစ်ဆင့် နည်းပြကလော့ပ်ထံ သတင်းပို့ပါတယ်။ ၎င်းတို့ဟာ အပတ်စဉ် လီဗာပူးရဲ့ လေ့ကျင့်ရေးတွေမှာ ၆ ဦးကနေ ၈ ဦးထိ လာရောက် ခြေစွမ်း စမ်းသပ်ခံပါတယ်။
သက်တမ်းတိုးသေးပေမယ့် elite development coach ရာထူးဟာ လီဗာပူးအပေါ် လွှမ်းမိုးမှု ကြီးမားတာကို ဒီရာသီ ကွမ်းဆက်၊ ဘရတ်ဒလေတို့ ထွန်းတောက်လာမှုအရ မြင်တွေ့နေပါတယ်။
လီဗာပူးအသင်းရဲ့ အောင်မြင်တဲ့ ရာထူးတစ်ခုဖြစ်တဲ့ elite development coach နေရာဟာ နွေမှာ မာတိုစ့်လည်း ထွက်ခွာမှာဖြစ်တာကြောင့် လစ်လပ်သွားမှာပါ။ အသင်းဟာ အားကစားဒါရိုက်တာ၊ နည်းပြအဖွဲ့အပြင် elite development coach ရာထူးအတွက် အင်အားဖြည့်ဖို့ပါ ကြိုးစားရတော့မှာပဲ ဖြစ်ပါတယ်။