ဆာလာကို ခေါ်ယူဖို့ ဘာစီလိုနာတို့ ကြိုးစားလိုပေမယ့် မဖြစ်မြောက်ခဲ့တဲ့ အကြောင်းရင်း

ဘာစီလိုနာအသင်းဟာ လီဗာပူးကနေ မိုဆာလာကို ခေါ်ထုတ်ဖို့ စိတ်ဝင်စားခဲ့ပါတယ်လို့ ကက်တလန်သတင်းရင်းမြစ်ကို ကိုးကားပြီး စပိန်သတင်းဌာန Mundo Deportivo က ဖော်ပြပါတယ်။

ဒါပေမယ့်လို့ ဆာလာကို ခေါ်ယူနိုင်ဖို့ဟာ ဘာစီလိုနာအတွက် မဖြစ်နိုင်တဲ့ အိပ်မက်တစ်ခုဖြစ်ခဲ့ပါတယ်။ ဘဏ္ဍာရေး အခက်အခဲကြောင့် ဆာလာအတွက် ပြောင်းရွှေ့ကြေးကို ဘာစီလိုနာဘက်က မတတ်နိုင်ခဲ့တာပါ။

မနှစ်ကနွေမှာ မိုဆာလာကို ဆော်ဒီဘက်က ပေါင် သန်း ၁၅၀ ဖြင့် ချိတ်ဆက်တာကိုတောင် လီဗာပူးအသင်းက ငြင်းဆန်ခဲ့တယ်။ ဆော်ဒီဘက်က ပေါင် သန်း ၂၀၀ အထက် ပေးမယ်လို့ လေသံပစ်ပေမယ့် မာဆေးဆိုဒ်ကလပ် တာဝန်ရှိသူတွေ စိတ်မလှည့်ခဲ့ပါဘူး။

ဘာစီလိုနာဟာ ဆာလာကို နှစ်သက်ပေမယ့် ကစားသမားအတွက် ပေးရမယ့် ပြောင်းရွှေ့ကြေးအပြင် လုပ်ခပိုင်းကိုပါ ကိုင်တွယ်နိုင်စွမ်း မရှိခဲ့တာကြောင့် စိတ်ဝင်စားမှုဖြင့်ပဲ အဆုံးသတ်ခဲ့တာလို့ သိရပါတယ်။

အသက် ၃၁ နှစ်အရွယ် မိုဆာလာဟာ လီဗာပူးနဲ့ ၂၀၂၅ နွေမှာ စာချုပ်ကုန်ဆုံးမှာပါ။ ဒီနွေကျရင် သူ့ကို ခေါ်ယူရေး ဆော်ဒီကလပ် ၂ သင်းလောက်က ပြိုင်ဆိုင်ကြဖွယ် ရှိပါတယ်။

လီဗာပူးကနေ ယာဂင်ကလော့ပ် ထွက်ခွာတော့မှာမို့ ဆာလာ၊ ဗန်ဒိုက်နဲ့ ထရန့်တို့ဟာ စာချုပ်သစ်တွေ လက်မှတ်ထိုးဖို့ထက် နောက်ထပ် နည်းပြ ဘယ်သူဖြစ်လာမလဲ? ကလပ်ရဲ့ အနာဂတ် အစီအစဉ်တွေက ဘယ်လို အခြေအနေရှိသလဲ? စောင့်ကြည့်နေကြတာ ဖြစ်ပါတယ်။