အန်ဖီးကွင်းမှာ ဘရန့်ဖိုဒ့်ကို ရင်ဆိုင်ကစားပြီး ဆာလာရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့အတူ လီဗာပူးက ၁-၀ ဖြင့် အနိုင်ရခဲ့ပါတယ်။
တိုက်စစ်မှူး ၄ ဦးထိ ထုတ်ပြီး ၄-၂-၃-၁ ပုံစံ ခင်းကျင်းခဲ့တဲ့ ကစားကွက်ဟာ အရမ်းကြီးတော့ အလုပ်မဖြစ်ခဲ့ပါဘူး။ ကွင်းလယ် လူစာရင်း နည်းနေတာရယ် ဟန်ဒါဆန် ကြံ့ခိုင်မှု ရာနှုန်းပြည့် မကောင်းတာရယ်ကြောင့် ကလော့ပ်က ကစားကွက် အပြောင်းအလဲ အနည်းငယ် လုပ်ခဲ့တာ ဖြစ်ပါတယ်။
ပွဲစတည်းက ဘရန့်ဖိုဒ့်တို့ ရုပ်ပိုင်းဆိုင်ရာ အားပြု ကစားတာကို ရင်ဆိုင်ရပေမယ့် လီဗာပူးအသင်းသားတွေ မာမာထန်ထန် ပြန်တုန့်ပြန်နိုင်ပါတယ်။ ဖိအားပေးနှုန်းတွေ ကောင်းခြင်းနဲ့အတူ အသင်းဘက်က အခွင့်အရေးတွေ ရှာဖွေနိုင်ခဲ့တယ်။
လူကျွံ အခြေအနေကို ဖောက်ထွက်ပြီး ဗန်ဒိုက်ရဲ့ ဖန်တီးပေးမှုကို ဆာလာက ပိတ်သွင်းခြင်းက ဒီပွဲရဲ့ အရေးပါတဲ့ အခိုက်အတန့် ဖြစ်ပါတယ်။ ဆာလာက စံချိန်တွေ အများကြီး ရခဲ့ပါတယ်။ အယ်လီဆန်လည်း စံချိန်ကောင်းရပါတယ်။ ဒီအကြောင်းတွေတော့ နောက်မှ ပြောပါမယ်။
ဦးဆောင်ဂိုးရပြီး နောက်ပိုင်းမှာ ဒါဝင်နူညက်အတွက် ထရန့် အပိုင်ဖန်ပေးတဲ့ ဘောလုံး ဂိုးပေါက်နဲ့ လွဲခဲ့ပါတယ်။ ဒုတိယပိုင်းမှာ ဂက်ပိုကလည်း အံ့အားသင့်ဖွယ်ကောင်းအောင် လွဲပါတယ်။ ထရန့်ရဲ့ အဝေးကန်ချက်ကို ဘရန့်ဖိုဒ့် ဂိုးသမား ယာယာ ကာကွယ်ခဲ့ပါတယ်။
ဒီပွဲမှာ ဘရန့်ဖိုဒ့်တို့ အရေးနိမ့်ပေမယ့် သူတို့ နည်းစနစ်က အတော်လေး အလုပ်ဖြစ်ပါတယ်။ ထရန့် အတွင်းထဲ ဝင်သွားချိန် ကိုနတေး အစွန်ထွက်ရာက ပေါ်လာတဲ့ နေရာလွတ်ကျယ်ကို သူတို့ ကောင်းကောင်း အသုံးချဖို့ ကြိုးစားခဲ့ပေမယ့် ဗန်ဒိုက်တို့ အကောင်းဆုံး ဟန့်တားခဲ့ပါတယ်။
လီဗာပူးအသင်းသားတွေ ဘောလုံးကို အချိန်ကြာကြာ ကစားခွင့်မရဘဲ ဘရန့်ဖိုဒ့်ဘက်က ခန္ဓာကိုယ်တွေနဲ့ ပစ်တိုက်တာတွေ၊ ဆွဲလဲတာတွေ လုပ်ခဲ့သလို ဒိုင်ကလည်း ပွဲကို မကြာခဏ ရပ်စေတာက အတော်လေး နားလည်ရခက်ပါတယ်။ ပြစ်ဒဏ်ဘောတွေမှာ ဘရန့်ဖိုဒ့်ကို သိသိသာသာ အသာပေးတယ်လို့ ခံစားရတယ်။
လူစားလဲမှုတွေက ကစားကွက်ကို မပြောင်းလဲစေပေမယ့် ဖိအား အနည်းငယ်တော့ လျော့စေခဲ့ပါတယ်။ မိနစ် ၉၀ လုံးဟာ တော်တော်လေးကို ခက်ခဲပြီး ကြည့်ရတာ မသက်မသာ ခံစားရကာ အသက်ရှုကြပ်ပါတယ်။ ဒါပေမယ့် ဒီလို ပွဲမျိုး မကြည့်ရတာ ကြာပါပြီ။ အနိုင် ၃ မှတ်ကို အသဲအသန် ကာကွယ်ခဲ့ပြီး ပွဲပြီး ခရာမှုတ်ချိန်မှာတော့ ချိုမြိန်လွန်းခဲ့ပါတယ်။
အဆင့် ၅ နေရာကနေ ဆက်ပြီး ဖိအားပေးနေဆဲ ဖြစ်ပါတယ်။