

ရာသီကုန်မှာတော့ ကလော့ပ်နေရာ အလွန်ဆိုနဲ့ အစားထိုးမယ်ဆိုတဲ့ သတင်းတွေ အတော်လေးကို ကျယ်ပြန့်နေပါတယ်။
စပိန်နည်းပြဟာ ခံစစ်မှူး ၃ ဦးထားတဲ့ ၃-၄-၃ စနစ်ကို အလေးပေး အသုံးပြုတတ်သူဖြစ်ပြီး ယာဂင်ကလော့ပ် လက်ရှိ သုံးနေတဲ့ ၄-၃-၃ ပုံစံနဲ့ အနည်းငယ် ကွဲပြားပါတယ်။ အလွန်ဆိုကတော့ ဘယ်အစွန်နဲ့ ညာအစွန်ကို တိုက်စစ် ပိုမို လိုက်ပါစေတဲ့ နည်းစနစ်မျိုးကို ကျင့်သုံးနေတာပါ။
အလွန်ဆိုက လေဗာကူဆင်မှာ သူသုံးနေတဲ့ စနစ်ကို အသားပေး ကျင့်သုံးမယ်ဆိုရင် လက်ရှိ လီဗာပူးအသင်းမှာ သူ့ရဲ့ နည်းစနစ်အတွက် ကစားသမား ၂ ဦး အနည်းဆုံး လိုအပ်မယ်လို့ ထောက်ပြမှု ထွက်ပေါ်လာပါတယ်။
ပထမဆုံး လိုအပ်လာမယ့် ကစားသမားကတော့ ဗန်ဒိုက်၊ ကိုနတေးနဲ့အတူ ဘယ်ခြမ်း ခံစစ်မှူးနေရာကို တာဝန်ယူပေးမယ့်သူ ဖြစ်ပါတယ်။ ကွမ်းဆက်က ရွေးချယ်စရာဖြစ်သလို မိန့်ဇ်ကနေ ပြန်လာမယ့် ဗန်ဒန်ဘက်ချ်လည်း ရှိနေပေမယ့် ဘယ်ခြမ်းမှာ ထိပ်တန်းအဆင့် ခံစစ်မှူး တစ်ဦးတော့ လိုအပ်ပါမယ်။
အကယ်လို့ အလွန်ဆိုက သူ့ရဲ့ ပုံမှန် စနစ်ကနေ ခွဲထွက်ပြီး လီဗာပူးအသင်း အသားကျနေတဲ့ ၄-၃-၃ ပုံစံကို ပြောင်းလဲကျင့်သုံးမယ်ဆိုရင်တောင် ဗန်ဒိုက်၊ ကိုနတေးတို့နဲ့ နေရာပြိုင်ဆိုင်မယ့် ဗဟိုခံစစ်မှူးသစ် တစ်ဦး ခေါ်ယူဖို့ကတော့ လိုအပ်နေဆဲပါ။
အလွန်ဆိုရဲ့ အသင်းတွေဟာ ရုပ်ပိုင်းဆိုင်ရာ တောင်းဆိုမှုများပြားကာ ဖိအားပေးမှုကို ပုံမှန်လုပ်ရလေ့ရှိပါတယ်။ တိုက်စစ်က မိုဆာလာဟာ ကလပ်နဲ့ ရေရှည်စာချုပ် မရှိနိုင်တော့တာမို့ ညာခြမ်းမှာ အစားထိုးဖို့ တစ်ဦးကိုလည်း ကြိုတင် ရှာဖွေထားရမှာပါ။
ညာခြမ်း အစွန်-တောင်ပံလူ နေရာမှာ ထရန့်နဲ့ ဘရတ်ဒလေတို့ကို သုံးနိုင်ပေမယ့် ရော်ဘတ်ဆန်နဲ့ ကိုစတက်တို့ရဲ့ ဘယ်ခြမ်းကတော့ အနည်းငယ် စောင့်ကြည့်ရနိုင်ပါတယ်။ ကွင်းလယ်မှာတော့ မာကာနဲ့ ဆိုဘိုစလိုင် ၂ ဦးဟာ အဓိက ထောက်တိုင်တွေဖြစ်လာနိုင်ပါတယ်။
လီဗာပူးအသင်းဟာ အလွန်ဆိုကို ခေါ်ယူမှု မတိုင်ခင် အားကစားဒါရိုက်တာသစ် အရင်ဆုံး ခန့်အပ်ရမှာဖြစ်ကာ မန်နေဂျာသစ်အတွက် အနည်းဆုံး ဘယ်ခြမ်း ခံစစ်မှူးတစ်ဦး၊ ညာခြမ်း တိုက်စစ်သမား တစ်ဦး ကြိုတင် ရှာဖွေပေးဖို့ လိုအပ်မှာ ဖြစ်ပါတယ်။