လီဗာပူးအသင်းဟာ ဒီတလော လူငယ်အသင်းမှာ ခပ်မြန်မြန် တိုးတက်လာသူအဖြစ် နာမည်ရလာတဲ့ ၁၈ နှစ်သားလေး ဂျေဒန် ဒန့်စ်ကို စီနီယာအသင်းအတွက် ခေါ်ယူလိုက်ပြီ ဖြစ်ပါတယ်။
ဒီရာသီ ယူ-၁၈ မှာ ကစားနေတဲ့ လူငယ်လေး ဒန့်စ်ဟာ ယူ-၂၁ အသင်းထံ တိုးမြင့် ခေါ်ယူခြင်း ခံထားရတယ်။ ရာသီစကနေ ဒီလအထိ သွင်းဂိုး ၂၁ ဂိုးနဲ့ ဂိုးထောက်ပံ့မှု ၆ ကြိမ် ပြုလုပ်ထားနိုင်မှုနဲ့အတူ နည်းပြကလော့ပ် ရှေ့ကို ခပ်မြန်မြန် ရောက်ရှိလာခဲ့ပါတယ်။
ဒန့်စ့်က သူ့ဘာသာ ဖာမင်နိုလို ကစားသမားဖြစ်လာဖို့ ရည်မှန်းထားသူပါ။ ပရီးမီးယားလိဂ် ကွင်းလယ်လူဟောင်း နေးဒန့်စ့်ရဲ့ သားဟာ ယူ-၇ ကတည်းက လီဗာပူးအသင်းနဲ့ ပူးပေါင်းထားသူ ဖြစ်ပါတယ်။
ဒန့်စ်ဟာ သူ့ရဲ့ လှုပ်အားနှုန်း၊ ဖန်တီးနိုင်စွမ်းကြောင့်အပြင် ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှုကလည်း နည်းပြအဖွဲ့ကို အံ့မခန်း ဖြစ်စေခဲ့ပါတယ်။
မနှစ်က အရပ် ၅ ပေ ၂ လက်မပဲ မြင့်တဲ့ တိုက်စစ်သမားဟာ ဒီ ၈ လအတွင်းမှာ အရပ် ၁၀ လက်မလောက် မြင့်မားလာခဲ့ပါတယ်။ လက်ရှိ ၆ ပေနီးပါးရှိနေတဲ့ ဒန့်စ်ဟာ ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှု ကောင်းမွန်သူအဖြစ် နာမည်ကောင်း ရလာခဲ့ပါတယ်။
အကယ်ဒမီ နည်းပြတွေရဲ့ ထောက်ခံချက်နဲ့အတူ စီနီယာအသင်း နည်းပြအဖွဲ့တွေထံ ခြေစွမ်းစမ်းသပ်ခံဖို့ ဒန့်စ့်ကို အသင်းလေ့ကျင့်ရေးတွေမှာ ပူးတွဲ ပါဝင်နေစေတာ သီတင်းပတ် အနည်းငယ် ရှိနေပါပြီ။
“ ကိုယ်လုပ်ရမှာတွေကိုပဲ အာရုံစိုက်ထားပေမယ့် ရေရှည်မှာတော့ ထိပ်တန်း ကစားသမားတစ်ယောက် ဖြစ်လာချင်ပါတယ်။ ” လို့ ထုတ်ပြောထားတဲ့ ဒန့်စ်ဟာ ဘန်လေပွဲကို အသင်းသား ၂၇ ဦးပါ လီဗာပူးအသင်း လေ့ကျင့်ရေးမှာ ပါဝင်ခွင့်ရခဲ့ပြီ ဖြစ်ပါတယ်။