လူသစ်ခေါ်ယူမှု ကောင်းလွန်ပါတယ်ဆိုတဲ့ လီဗာပူးအသင်းရဲ့ လျှို့ဝှက်ချက်ကို ကာရေဂါ ထုတ်ဖော်

ဂျင်မီကာရေဂါကတော့ လီဗာပူးအသင်းရဲ့ ကင်းထောက်မှုနဲ့ အပြောင်းအရွှေ့ ပေါ်လစီ အကြောင်း အားကစားဒါရိုက်တာဟောင်း မိုက်ကယ် အတ်ဝပ်နဲ့ ပြောဆိုခဲ့ရာက အရမ်း အံ့အားသင့်ခဲ့ရတဲ့ သတင်းတစ်ခုကို ဖော်ထုတ်ခဲ့ပါတယ်။

လက်ရှိမှာ လီဗာပူးအသင်းဟာ အားကစားဒါရိုက်တာသစ် ရှာဖွေနေတာပါ။ ဒါပေမယ့် နောက်ဆုံး ဒါရိုက်တာ နှစ်ဦး မတိုင်ခင် လီဗာပူးအသင်းမှာ မိုက်ကယ် အတ်ဝပ်ရှိခဲ့ကာ သူဟာ ဥရောပရဲ့ အကောင်းဆုံး အားကစားဒါရိုက်တာ အဖြစ်တောင် ဆုရခဲ့ဖူးသူ ဖြစ်ပါတယ်။

လီဗာပူးရဲ့ လူသစ် စုဆောင်းမှု ဘာလို့ အရမ်းကောင်းရတာလဲလို့ အတ်ဝပ်နဲ့ မျက်နှာခြင်းဆိုင် တွေ့ဆုံမှုကနေ ကာရေဂါက မေးမြန်းခဲ့ဖူးပါတယ်။ အဖြေကတော့ သူထင်သလို မဟုတ်ခဲ့ပါဘူး။

ကာရေဂါက ပြောပြရာမှာ “ သတင်းအချက်အလက်တွေကို ပိုသိချင်တာကြောင့် အတ်ဝပ်နဲ့ တစ်ကြိမ်လောက် တွေ့ဆုံချင်ခဲ့တယ်။ ဒီအကြောင်းတွေကို ချက်ခြင်းကြီး ပြောမှာ မဟုတ်ဘဲ နှစ်တွေကြာမှ ဖော်ထုတ်လိုက်မယ်ဆိုတဲ့ ရည်ရွယ်ချက်မျိုးနဲ့ပါ။

ကျနော်က လီဗာပူးမှာ ကင်းထောက် ဘယ်လောက်တောင်ရှိတာ၊ ဒီကစားသမားတွေကို ဘယ်လိုကင်းထောက်တာ၊ သူတို့ကြား ခြားနားမှုတွေကို ဘယ်လို ရှာဖွေတာဆိုတဲ့ အတွင်းကျကျ ကိစ္စကြီးတွေ ကြားရဖို့ မျှော်လင့်ခဲ့တာပါ။

အတ်ဝပ်ကတော့ ‘ ကျနော်တို့ လိုချင်တဲ့ ကစားသမားတွေ ရခဲ့တာရဲ့ အရေးအကြီးဆုံးကိစ္စကတော့ အေးဂျင့်တွေနဲ့ ဆက်ဆံရေးကြောင့်ပါပဲ’ လို့ ပြန်ပြောတယ်ဗျာ။ ကျနော်က အဲ့တာထက် ပိုပြီး မျှော်လင့်ခဲ့တာပါ။ ဒါပေမယ့် အတ်ဝပ်ကတော့ လီဗာပူး လုပ်နေတာရဲ့ အခြေခံက အဲ့တာပဲလို့ ဖြေခဲ့တယ် ” လို့ ပြောခဲ့ပါတယ်။

ကာရေဂါ ပြောဆိုမှုဟာ မှန်ကန်ဟန်ရှိပါတယ်။ လီဗာပူးသတင်းထောက်တွေကလည်း ကလပ်ဟာ ကစားသမားတွေရဲ့ အေးဂျင့်တွေ၊ မိသားစုဝင်တွေနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး တည်ဆောက်ကာ လူသစ် စုဆောင်းမှုတွေ လုပ်လေ့ရှိတယ်လို့ ဖော်ထုတ်ထားခဲ့ပါတယ်။

ဒါပေမယ့် လူသစ် ခေါ်ယူရေးမှာ လီဗာပူးအသင်းရဲ့ ကင်းထောက်ပုံဟာ A Group, B Group ဆိုပြီး အုပ်စုတွေခွဲကာ အုပ်စုတစ်စုမှာ ၄ ဦးဝန်းကျင် လျာထားတဲ့ စံပုံစံ တစ်ခုလည်း ရှိပါသေးတယ်။ ဒီအကြောင်းကို အတ်ဝပ်တို့က လူရှေ့ ထုတ်မပြောလိုခဲ့တာလည်း ဖြစ်နိုင်တယ်လို့ သုံးသပ်ရတာ ဖြစ်ပါတယ်။